လွိုင်ကော် ၂၅ ဇန်နဝါရီ  


မြန်မာနိုင်ငံရှိ ရွှေနှင့်ကြေးနီများကို ညွှန်ကြားချက်၊ ကျင့်ဝတ်နှင့်အညီ စူးစမ်းရှာဖွေထုတ်နိုင်ရေး ဆောင်ရွက်လျှက်ရှိသည့် Australian ပိုင် FORTUNA သတ္တုကုမ္ပဏီ က ကယားပြည်နယ်အတွင်း ရင်းနှီးမြုပ်နှံမှုမဟာဗျူဟာနှင့် စူးစမ်းရှာဖွေရေးလုပ်ငန်းများ ဆောင်ရွက်လိုမှုအပေါ် ကယားပြည်နယ်ဝန်ကြီးချုပ်နှင့်  ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများအား ဇန်နဝါရီလ ၂၄  ရက်နေ့၊  မွန်းလွဲ ၂ နာရီအချိန်က ပြည်နယ်အစိုးရအဖွဲ့ရုံး၊ Cabinet ခန်းမ၌ လာရောက်တွေ့ဆုံသည်။


တွေ့ဆုံရာတွင် FORTUNA သတ္တုကုမ္ပဏီ၊ Business Development Manager ဦးမင်းလွင်မှ တက်ရောက်လာသည့် ကုမ္ပဏီမှ တာဝန်ရှိသူများအား မိတ်ဆက်ဆောင်ရွက်ခဲ့ပြီး Mr. GEOFFREC LOWE မှ ကုမ္ပဏီသည် ၂၀၁၇ ခုနှစ်တွင်စတင်တည်ထောင်ခဲ့ပြီး မြန်မာနိုင်ငံတွင်အဓိကလုပ်ကိုင် ဆောင်ရွက်သည့် ကုမ္ပဏီဖြစ်ပါကြောင်း၊ ကုမ္ပဏီအနေဖြင့် သြစတေးလျ၊ ထိုင်း၊ စင်္ကာပူနိုင်ငံများတွင်လည်း ရုံးခွဲများဖွင့်လှစ်ထားကြောင်း၊ ကုမ္ပဏီမှ ကချင်ပြည်နယ်၊ မွန်ပြည်နယ်၊ ကယားပြည်နယ်အတွင်းရှိ ကြေးနီ၊ ရွှေ၊ ငွေနှင့် သတ္တုများကို စမ်းသပ်တူးဖော်လိုပါကြောင်း၊ မော်ချီး သတ္တုတွင်းနှင့်ပတ်သက်ပြီး အဓိကအားဖြင့် သယံဇာတ နှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုအဆင့်နှင့် ချိတ်ဆက်ဆောင်ရွက်ပြီး ကယား ပြည်နယ်အစိုးရအဖွဲ့နှင့်လည်း ညှိနှိုင်းတွေ့ဆုံတင်ပြရန်အစီအစဉ်ရှိပါကြောင်း၊ ယနေ့အခမ်းအနားတွင် ဖားဆောင်းမြို့နယ်နှင့် မော်ချီးဒေသတွင် တည်ရှိသော ဧက (၈၈၀ဝ၀) ရှိ လုပ်ကွက်အား အဆိုပြုတင်ပြလို ကြောင်း၊ ဆောင်ရွက်ခွင့်ရရှိပါက အဆင့် (၇) ဆင့်ဖြင့် ဆောင်ရွက်သွားမည်ဖြစ်ရာ လုပ်ငန်းအကောင် အထည်ဖော်ဆောင်ရွက်ရန် အချိန်ကာလအားဖြင့် (၇) နှစ်နှင့် (၈) ခန့် ကြာမည်ဖြစ်ပြီး ဒေါ်လာသန်းပေါင်း များစွာ ရင်းနှီးမြုပ်နှံရန် လျာထားပါကြောင်း၊ ကုမ္ပဏီ အနေဖြင့် လုပ်ကိုင်ဆောင်ရွက်ခွင့်ရရှိခဲ့ပါက အစိုးရအနေ ဖြင့် အခွန်ငွေရရှိမည်ဖြစ်ပြီး ဒေသခံပြည်သူများအတွက်လည်း အလုပ်အကိုင်အခွင့်အလမ်းရရှိလာမည်ဖြစ်ပါကြောင်း၊ ကုမ္ပဏီအနေ ဖြင့် ဒေသခံပြည်သူများနှင့် လုပ် ကွက်စမ်းသပ်ဖော်ထုတ်ရာတွင် ဒေသခံများနှင့်ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက် စမ်းသပ်လေ့လာသွားမည်ဖြစ်ကြောင်း၊ မော်ချီးသတ္တုမိုင်းကို  နိုင်ငံတကာအဆင့်မီလုပ်ငန်းဖြင့် အဓိက စမ်းသပ်ဖော်ထုတ် ရှာဖွေသွားမှာ ဖြစ်ကြောင်း တင်ပြဆွေးနွေးခဲ့သည်။


တင်ပြဆောင်ရွက်ခဲ့မှုအပေါ် ကယားပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှို က ကုမ္ပဏီမှအဆိုပြုတင်ပြထားရှိသည့် ဧက (၈) သောင်းကျော် တင်ပြတောင်းဆိုမှုအပေါ် တက်ရောက်လာသော ဝန်ကြီးများ၊ ဌာနဆိုင်ရာများမှ ဆွေးနွေးတင်ပြဆောင်ရွက်စေခဲ့ရာသတ္တုတွင်း ဒုတိယညွှန်ကြားရေးမှူး ဦးမောင်အေးမှ ကုမ္ပဏီမှ လျှောက်ထားမြေပေါ်တွင်အခြား ကုမ္ပဏီမှ လျှောက်ထားမြေနေရာနှင့် ဧက (၂၀ဝ၀) ခန့် ထပ်လျှက်ရှိကြောင်း၊ အဆိုပြုတင်ပြထားရှိသည့် မြေဧကများကို သက်ဆိုင်ရာ ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူ များနှင့် ပူးပေါင်းပြီး အဆိုပြုတင်ပြလာသော ကုမ္ပဏီအား  ခွင့်ပြုချထားပေးနိုင်မည့် ဧကပမာဏကို ညှိနှိုင်း ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ကုမ္ပဏီအနေဖြင့် ဒေသခံပြည်သူများနှင့် ကနဦးတွေ့ဆုံပြီးသက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်များနှင့်ပါ တွေ့ဆုံရန် လိုအပ်ကြောင်း တင်ပြသည်။


ဆက်လက်ပြီး ပြည်နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန၊ ဒု-ပြည်နယ် ဦးစီးမှူးမှ အဆိုပြု လျှောက်ထားမြေသည် သစ်တောကြိုးပြင် ကာကွယ် တောအတွင်း ပါရှိသည့်အတွက် ကွင်းဆင်းစိစစ်ရန် လိုအပ်ပါကြောင်း၊ ဧက (၈) သောင်းကျော် အဆိုပြုသည့်အတွက် တပြိုင်နက်တည်း ကွင်းဆင်းစစ်ဆေးမည် ဆိုပါက အခက်အခဲများစွာရှိနိုင်သည့်အတွက် ကုမ္ပဏီအနေဖြင့် အကောင်အထည်ဖော်ဆောင်ရွက်လိုသည့် လုပ်ကွက် (၁)ခုချင်းကိုသာ အဆင့်ဆင့် ဆောင်ရွက်ပါက ပိုမိုသင့်လျှော်မှုရှိကြောင်း တင်ပြဆွေးနွေးခဲ့သည်။


ဆွေးနွေးချက်များအပေါ်မှ Mr. GEOFFREC LOWE မှ အဆိုပြုတင်ပြထားသည့် ဧက (၈) သောင်းကျော်ခန့်ကို "Stream sediment sampling (ချောင်းသဲနမူနာ) ၂ လဝန်းကျင် ကောက်ယူပြီးပါက မလိုအပ်သောဧရိယာများကိုလျှော့ချသည့်အနေဖြင့် ပြန်လည်အပ်နှံမည် ဖြစ်ပါကြောင်း၊ အခြားလုပ်ငန်းရှင်များမှ လျှောက်ထားတင်ပြသည့် လုပ်ကွက်ထပ်နေသော ဧက (၂၀ဝ၀) ခန့်ကိုလည်းလျော့ချပေး မည်ဖြစ်ပါကြောင်း တင်ပြဆွေးနွေးခဲ့သည်။


ယင်းနောက် တင်ပြဆွေးနွေးချက်များအပေါ် ပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှို က ကုမ္ပဏီမှ အကောင်အထည်ဖော် ဆောင်ရွက်လိုသည့် လုပ်ကွက်အား ပြန်လည်တင်ပြဆောင်ရွက်ပြီး စိစစ်ခွင့်ပြုမည် ဖြစ်ကြောင်း၊ ကွင်းဆင်းဆောင်ရွက်မည့် အစီအမံအား ပြန်လည်တင်ပြရန်နှင့် ဌာနဆိုင်ရာများနှင့် ပေါင်းစပ်ဆောင်ရွက်သွားရန်၊ မော်ချီးဒေသရှိ လုပ်ကွက်များကိုစိစစ်ပြီး လုပ်ငန်းအကောင်အထည်မဖော်နိုင်တဲ့ လုပ်ကွက်များအား စိစစ်ပြန်လည်တင်ပြရန်ကြမှာကြားခဲ့ကြောင်း သတင်းရရှိသည်။


ထွန်းလေး