ညောင်ရွှေ ၂၅ ဇန်နဝါရီ
ညောင်ရွှေမြို့နယ်၊ အင်းလေးကန်အတွင်းရှိ အင်းဦးကျေးရွာအနောက်ဘက်ရေပြင်တွင် စက်လှေနှစ်စီး တိုက်မိ၍ အသက်(၄)နှစ်ရွယ် မိန်းကလေးတစ်ဦးရေနစ်သေဆုံးခဲ့ကြောင်း သိရှိရသည်။
ဖြစ်စဉ်မှာ ဇန်နဝါရီ ၂၄ ရက် ညနေ ၅ နာရီခွဲခန့်တွင် မင်းချောင်းကျေးရွာအုပ်စု၊ နွားဓမကျေးရွာနေ ဝတုတ်(ခ)အောင်သက်ဖြိုး(၁၉)နှစ် မောင်းနှင်လာပြီး ကိုဝေဖြိုးထွန်း((၃၁)နှစ်နှင့် မညွန့်ရွှေ(၃၆)နှစ် ဇနီးမောင်နှံတို့နှင့် အတူ သမီးများဖြစ်ကြသည့် မဇွန်ဖူးဝေ(၄)နှစ်နှင့် အမည် မပေးရသေးသည့်(၂)လသားအရွယ် သမီးတို့လိုက်ပါလာသည့် စက်လှေသည် မြောက်အရပ်မှ တောင်ဘက်သို့ဦးတည် မောင်းနှင်လာစဉ် အင်းဦးကျေးရွာအနောက်ဘက်ရှိ ကိုက် ၁၀ဝ ခန့်အကွာ ဘုရားကြွလမ်းကြောင်းပေါ်သို့ ရောက်ရှိချိန်တွင် အရှေ့ဘက်မှအနောက်ဘက်သို့ အင်းဦးကျေးရွာနေ ဇော်ဦး (၂၆) နှစ် မောင်းနှင်လာသည့် စက်လှေနှင့်ကန့်လန့် ဖြတ်တိုက်မိပြီး စက်လှေတိမ်းစောင်းကာ မဇွန်ဖူးဝေမှာ ရေထဲသို့ ပြုတ်ကျပျောက်ဆုံးသွားသဖြင့် အနီးရှိရွာသားများမှဝိုင်းဝန်းရှာဖွေကြရာ ညနေ ၆ နာရီခွဲခန့်တွင် မဇွန်ဖူးဝေ၏အလောင်း အား အခင်းဖြစ်ပွားရာနေရာအနီးရှိ ရေအနက်(၆)ပေခန့်တွင် တွေ့ရှိဆယ်ယူနိုင်ခဲ့ကြပြီး ညောင်ရွှေမြို့နယ် ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ခဲ့သည်။
ဖြစ်စဉ်နှင့်ပတ်သက်၍ လူ့အသက်သေဆုံးသည်အထိ စက်လှေကိုမဆင်မခြင် မောင်းနှင်ကြသည့် ဝတုတ်(ခ) အောင်သက်ဖြိုး (၁၉)နှစ်နှင့် ဇော်ဦး(၂၆)နှစ်တို့အား ညောင်ရွှေမြို့မရဲစခန်းမှ အမှုဖွင့် အရေးယူ ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။
စိုင်းအယ်ဘဲ(ညောင်ရွှေ)