ရှမ်းရွာသစ်၊  ၈  ဇန်နဝါရီ

 

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနမှ  ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေသည့် ကာလအတွင်း အသက် ၁၀၀ အထက် သက်ကြီးရွယ်အိုများအား  အပိုဆောင်း ထောက်ပံ့ငွေများ ပေးအပ်ခြင်းကို ဇန်နဝါရီ ၇ ရက်က ရင်းဘိုင်းကျေးရွာအုပ်စုရှိ သက်ကြီးဘိုးဘွားများထံသို့ အိမ်တိုင်ရာရောက် လိုက်လံထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရသည်။

 

ထိုသို့ ထောက်ပံ့ငွေများပေးအပ်ရာတွင် ရှမ်းရွာသစ် မြို့အုပ်ချုပ်ရေးမှူး ဦးနိုင်ဝင်းအောင်နှင့် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးတို့က  ရင်းဘိုင်းကျေးရွာအုပ်စုရှိ  အသက် ၁၀၀နှင့်အထက် သက်ကြီးဘိုးဘွား နှစ်ဦးအတွက် တစ်ဦးလျှင် ငွေကျပ် ၃၀၀၀၀ နှုန်းဖြင့် စုစုပေါင်းထောက်ပံ့ငွေ ၆၀၀၀၀ ကျပ်ကို လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့သည်။

 

ရှမ်းရွာသစ်မြို့တွင်  မြို့ပေါ် ၄ ရပ်ကွက်နှင့် ကျေးရွာအုပ်စု ၉ အုပ်စုရှိရာ မဲသမူးကျေးရွာအုပ်စုတွင် အသက် ၁၀၀ နှင့်အထက် သက်ကြီးရွယ်အို ၃ ဦး၊ ရင်းဘိုင်းကျေးရွာအုပ်စုတွင်  ၂ ဦးနှင့် မဲလရော ကျေးရွာအုပ်စုတွင်  ၁ ဦး စုစုပေါင်း ၆ ဦးရှိကြောင်း သိရှိရသည်။

                                                                                              

ဇင်လေး(ပြန်/ဆက်)