မန္တလေး ၂၅ ဇန်နဝါရီ

 

သစ္စာစီမံချက်ဖြင့် မန္တလေးတိုင်းအတွင်းရှိ အခြေခံကျောင်းများမှ မိဘမဲ့ကလေး ၇၁၀ ကို နိုင်ငံသားစိစစ်ရေး ကတ်ထုတ်ပေးထားကြောင်း ယနေ့ မန္တလေးမြို့ ၊ မြို့တော်ခန်းမတွင် ကျင်းပပြုလုပ်သည့် နိုင်ငံသားစိစစ်ရေးကတ်ပေးအပ်ပွဲအခမ်းအနား မှသိရသည်။ 

 

အလုပ်သမား ၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ၊ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့လမ်းညွှန်မှုဖြင့် United Pacific Co.Ltd ၊  Advanced Myanmar Star ကုမ္ပဏီတို့၏ပံ့ပိုးမှုဖြင့် မြို့နယ် ၂၈ မြို့နယ်တွင် ကျောင်းသား ၊ ကျောင်းသူများ ၊ ဒေသခံပြည်သူများ ၊ မိဘမဲ့ကလေးများအား နိုင်ငံသားစိစစ်ရေးကတ်ပေးအပ်ပွဲအခမ်းအနားကို ယနေ့ ကျင်းပပြုလုပ်ခဲ့သည်။

 

‘တိုင်းဒေသကြီးနဲ့ပြည်နယ်အသီးသီး၌ ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသားဥပဒေနှင့်အညီ နိုင်ငံသား စိစစ်ရေးကတ်ပြားထုတ်ပေးခြင်းဆောင်ရွက်ရာတွင် ဥပဒေအရ နိုင်ငံသားများကိုပါ ဆောင်ရွက်ပေးနေပါတယ်’ ဟု အလုပ်သမား ၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ဝန်ကြီးဦးသိန်းဆွေက အဖွင့်အမှာစကားတွင်ထည့်သွင်းပြောကြားသည်။

 

မန္တလေးတိုင်းအတွင်းရှိ မြို့နယ် ၂၈ မြို့နယ်တွင်၂၀၁၈ ခုနှစ် ဇန်နဝါရီလ ၁ ရက် ၊ ၂၀၁၉ ခုနှစ် ဇန်နဝါရီလ ၂၂ ရက်အထိ သစ္စာစီမံချက်ဖြင့် ကွင်းဆင်းဆောင်ရွက်မှုတွင် အခြေခံပညာကျောင်းများ ၊ မိဘမဲ့ကျောင်းများမှ ကျောင်းသားကျောင်းသူ ၁၀၄၁၆၃ ကို နိုင်ငံသားစိစစ်ရေးကတ်များ ထုတ်ပေးခဲ့ပြီး မိဘမဲ့ကျောင်း ၁၅ ကျောင်းမှ ကျောင်းသား ၊ ကျောင်းသူ ၇၁၀ ပါဝင်ကြောင်း သိရသည်။

 

သစ္စာစီမံချက်ဖြင့် ဆောင်ရွက်ပေးမှုတွင် အသက် ၁၀ နှစ်ပြည်ပြီးသူ ၁၂၁၀ဝ၀ ကျော် ၊ အသက် ၁၈ နှစ်ပြည့်ပြီးသူ ၆၄၀ဝ၀ ကျော် ၊ ဧည့်နိုင်ငံသား ၁၄ ဦး ၊ နိုင်ငံသားပြုခွင့်ရသူ ၁၅၈ ဦး အား နိုင်ငံသားကတ်ပြုလုပ်ပေးခဲ့ပြီး ၊သာသနာဝင်နှင့် သာသနာ့နွယ်ဝင် ကတ်ပြား ၂၂၀ဝ ကျော် အား နိုင်ငံသားစိစစ်ရေးကတ်များ ဆပ်ကပ်ခဲ့ကြောင်း သိရသည်။

 

ဆက်လက်ပြီး မန္တလေးတိုင်းအတွင်းတွင် ကွင်းဆင်းဆောင်ရွက်ရန် ကျန်ရှိသည့် မြို့နယ် ၁၃ ခု တွင်လည်း နိုင်ငံသားစိစစ်ရေးကတ်ပြားများ ဆက်လက်ဆောင်ရွက်ပေးမည်ဖြစ်ကြောင်းသိရသည်။

 

အိမို့မို့ခိုင်