မန္တလေး  ၂၅  ဇန်နဝါရီ 


အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနနှင့် မန္တလေးတိုင်း ဒေသကြီး အစိုးရအဖွဲ့တို့မှ ဦးဆောင်၍ United Pacific Co.Ltd၊ Advanced Myanmar Star Co.Ltd ၏ ပံ့ပိုးမှုဖြင့် မန္တလေးတိုင်းဒေသကြီး မြို့နယ် ၂၈ မြို့နယ်အတွင်းရှိ ကျောင်းသား/ ကျောင်းသူများ၊ ဒေသခံပြည်သူများနှင့် မိဘမဲ့ကလေးများအား သစ္စာစီမံချက်ဖြင့် နိုင်ငံသား စိစစ်ရေးကတ်ပြားပေးအပ်ပွဲကို ယနေ့နံနက် ၈ နာရီတွင် ချမ်းအေးသာစံမြို့နယ် မန္တလေး မြို့တော်ခန်းမ၌ ကျင်းပသည်။


ရှေးဦးစွာ မန္တလေးတိုင်းဒေသကြီး ယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်မှ ကျောင်းသား/ ကျောင်းသူများက သစ္စာစီမံချက် တေးသရုပ်ဖော်အကဖြင့် အခမ်းအနားကို ဖွင့်လှစ်ပေးကြသည်။


ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဆိုင်ရာ လုပ်ငန်းအနေဖြင့် အဓိက လုပ်ငန်းတာဝန် ၃ ရပ်အနက် မြန်မာနိုင်ငံသို့ အခြားနိုင်ငံများမှ အလည်အပတ်လာလိုသူများနှင့် ရင်းနှီးမြှုပ်နှံလိုသူများ အကြောင်းအမျိုးမျိုးဖြင့် လာရောက်လိုသူ များပြားလာသည်နှင့်အမျှ လူဝင်မှုကြီးကြပ်ရေး လုပ်ငန်းများသည် နိုင်ငံအတွက် အဓိကကျသည့် အခန်းကဏ္ဍမှ ပါဝင်သည်ကို တွေ့ရပါကြောင်း၊ အမျိုးသားမှတ်ပုံတင်ရေးနှင့် နိုင်ငံသားမှတ်ပုံတင်လုပ်ငန်းမှာ ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသား ဥပဒေအရ မိမိတို့ နိုင်ငံသားများအား သတ်မှတ်အရည်အချင်း နှင့်ကိုက်ညီသည့် ကတ်ပြားတစ်မျိုးမျိုး ထုတ်ပေးနိုင်ရေးအတွက် ဥပဒေ၊ လုပ်ထုံးလုပ်နည်းများ နှင့်အညီ စဉ်ဆက်မပြတ် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း၊ ပြည်သူ့အင်အား စာရင်းကောက်ယူ ထိန်းသိမ်းရေးလုပ်ငန်း အနေဖြင့် ၂၀၁၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူရာမှ ရရှိသော အချက်အလက်များကို နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းများရေးဆွဲနိုင်ရန် ပံ့ပိုးဆောင်ရွက် ပေးလျက်ရှိပါကြောင်း။


ထို့ပြင် ယခုနှစ် နိုဝင်ဘာလအတွင်းတွင် ကြားဖြတ်သန်းခေါင်စာရင်း ကောက်ယူရန် စီစဉ် ဆောင်ရွက်လျက် ရှိပါကြောင်း၊ ယင်းလုပ်ငန်းတာဝန်များ ဆောင်ရွက်ရာတွင် ပြည်သူကိုဗဟိုပြု၍ ပြည်သူတို့၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးနေခြင်းဖြစ်ပြီး ယခုအခါ အိမ်ထောင်စုလူဦးရေ စာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားထုတ်ပေးခြင်း လုပ်ငန်းကို သစ္စာစီမံချက်ဖြင့် စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ နိုင်ငံသားစိစစ်ရေးကတ်ပြား ဆောင်ရွက်ပေးခြင်း လုပ်ငန်းစဉ်များကို ၂၀၁၆ ခုနှစ် မေ ၁ ရက်မှစ၍ ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ယင်းလုပ်ငန်းများကို တိုင်းဒေသကြီး/ပြည်နယ်များအတွင်း လိုအပ်ချက် ရှိသည့်နေရာတိုင်း၌ ဆောင်ရွက်ပေးသည့်အပြင် သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်များ၏ တောင်းဆိုမှုအရလည်း ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ရရှိပြီးဖြစ်သည့် နိုင်ငံသားစိစစ်ရေး ကတ်ပြားကို မပျောက်မပျက်စေရေးအတွက် ဂရုတစိုက်၊ စနစ်တကျကိုင်တွယ်ထိန်းသိမ်းကြရန် လိုအပ်မည်ဖြစ်ပါကြောင်း၊ ယခုအခါ မန္တလေးတိုင်းဒေသကြီးအတွင်း ကွင်းဆင်းဆောင်ရွက်ရန် လိုအပ်သည့် မြို့နယ် ၁၃ မြို့နယ်၌ သစ္စာစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ကွင်းဆင်း ဆောင်ရွက်ပေးလျက်ရှိရာ ယင်းလုပ်ငန်းစဉ်ကို သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ နှင့်ညှိနှိုင်း၍ လိုအပ်သလို ဆက်လက်ကွင်းဆင်း ဆောင်ရွက်ပေးမည်ဖြစ်ပါကြောင်း ပြောကြားသည်။


ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်နှင့် United Pacific Co.Ltd၊ Advanced Myanmar Star Co.Ltd မှ အရောင်းနှင့် ဈေးကွက်မြှင့်တင်ရေး ဒါရိုက်တာ ဒေါ်အေးမိစံတို့က တိုင်းဒေသကြီးအတွင်း နိုင်ငံသားစိစစ်ရေးကတ်ပြား ကွင်းဆင်းဆောင်ရွက်ပေးရာတွင် လိုအပ်သော ကူညီပံ့ပိုးမှုများ ဆောင်ရွက်ပေးမှုနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြကြသည်။


ထို့နောက် ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသကြီးဝန်ကြီးချုပ် နှင့်တာဝန်ရှိသူများက တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များမှ စာသင်ကျောင်းများ၊ မိဘမဲ့ကျောင်းများမှ ကျောင်းသား/ ကျောင်းသူများ၊ ရပ်ကွက်ကျေးရွာများမှ ဒေသခံပြည်သူများ ကိုယ်စား ကျောင်းအုပ်ကြီးများနှင့် ကိုယ်စားလှယ်များကို နိုင်ငံသား စိစစ်ရေးကတ်ပြားများနှင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဆိုင်ရာ ခရိုင်နှင့် မြို့နယ်ဦးစီးမှူးများကို ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ကြသည်။


ယင်းနောက် နိုင်ငံသား စိစစ်ရေးကတ်ပြားရရှိသူများ၏ ကိုယ်စားလှယ်တစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။ 


မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ် ၂၈ မြို့နယ်၌ ၂၀၁၈ ခုနှစ် ဇူလိုင် ၁ ရက်မှ ၂၀၁၉ ခုနှစ် ဇန်နဝါရီ ၁ ရက်အထိ သစ္စာစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ကွင်းဆင်းဆောင်ရွက်ပေးရာ အခြေခံပညာကျောင်းများမှ ကျောင်းသား/ ကျောင်းသူ ၁၀၃၄၅၃ ဦး၊ မိဘမဲ့ကျောင်း ၁၅ ကျောင်းမှ ကျောင်းသား/ကျောင်းသူ ၇၁၀ စုစုပေါင်းကျောင်းသား/ ကျောင်းသူ ၁၀၄၁၆၃ ဦးနှင့် မြို့နယ်အသီးသီးရှိ ဒေသခံပြည်သူ ၈၁၅၇၁ ဦး စုစုပေါင်း ၁၈၅၇၃၄ ဦးကို စိစစ်ရေးကတ်ပြားများ ထုတ်ပေးခဲ့ကြောင်း သိရှိရသည်။ 


(သတင်းစဉ်)