နေပြည်တော် ၂၅ ဇန်နဝါရီ
စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန စီမံကိန်းရေးဆွဲရေးဦးစီးဌာန အရာထမ်းများ လုပ်ငန်း စွမ်းဆောင်ရည် မြှင့်တင်ရေးသင်တန်းအမှတ်စဉ် (၃/၂၀၁၈-၂၀၁၉) ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၉ နာရီတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်းက ဝန်ထမ်းများအနေဖြင့် လုပ်ငန်း စွမ်းဆောင်ရည်မြင့်မားရေး အစဉ်ကြိုးစားအားထုတ်ရန်၊ ခေါင်းဆောင်ကောင်း တစ်ယောက်၏ အင်္ဂါရပ်နှင့်အညီ ပြုမူဆောင်ရွက်ရန်၊ နိုင်ငံတော်နှင့် ပြည်သူအကျိုးကို သယ်ပိုးထမ်းရွက်ရန်နှင့် သင်တန်းမှ သင်ကြားပေးသည့် ဘာသာရပ်များကို အကျိုးရှိစွာ လေ့လာဆည်းပူးပြီး အသုံးချရန် လိုအပ်ကြောင်း ပြောကြားသည်။
အဆိုပါသင်တန်းသို့ ကယားပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ စစ်ကိုင်း၊ ပဲခူး၊ မန္တလေးနှင့် ဧရာဝတီ တိုင်းဒေသကြီးတို့မှ အရာထမ်း ၉၀ တက်ရောက်ကြပြီး မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း(MSDP)၊ စီမံကိန်းရေးဆွဲခြင်း အကောင်အထည်ဖော်ခြင်း နှင့်စိစစ်သုံးသပ်ခြင်း၊ ဒေသအလိုက် စီမံကိန်း ရေးဆွဲခြင်း၊ လုပ်ငန်းစီမံကိန်းများ ရွေးချယ်ခြင်းနှင့် စိစစ်ခြင်း၊ စောင့်ကြည့်ကြပ်မတ်ခြင်းနှင့် အကဲဖြတ်ခြင်း(M&E)၊ 2008 SNA အရ Supply & Use Table အပေါ်အခြေခံ၍ ကဏ္ဍအလိုက် ပြောင်းလဲတွက်ချက်မှု၊ Multidimensional Welfare Analysis စသည့်တို့ကို ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်သူများက ၈ ရက်ကြာ စာတွေ့လက်တွေ့ သင်ကြားပို့ချသွားမည်ဖြစ်သည်။
(သတင်းစဉ်)