နေပြည်တော် ၂၅ ဇန်နဝါရီ
လန်ချန်း - မဲခေါင် ဒေသတွင်းနိုင်ငံများရှိ အမွေအနှစ်နေရာဒေသများ စီမံခန့်ခွဲမှုဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲ အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲ ၁ နာရီတွင် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနလောကနတ်ခန်းမ၌ ကျင်းပသည်။
ညှိနှိုင်းအစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးသူရဦးအောင်ကိုက မဲခေါင်-လန်ချန်း ဒေသတွင်း နိုင်ငံများရှိအမွေအနှစ်နေရာဒေသများ၏ စီမံခန့်ခွဲမှုဆိုင်ရာအသိပညာ ဗဟုသုတများ၊ အတွေ့ အကြုံများ၊ ကောင်းမွန်သောအလေ့အကျင့်များကို မျှဝေရန်၊ ယဉ်ကျေးမှုအဖွဲ့အစည်းများ ကွန်ရက်ချိတ်ဆက် ပူးပေါင်းဆောင်ရွက်ရန်၊ မဲခေါင်နိုင်ငံများနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံတို့အကြား ယဉ်ကျေးမှုဆိုင်ရာပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ရန်၊ ယဉ်ကျေးမှု အမွေအနှစ်ဒေသ စီမံခန့်ခွဲရေးတွင် ပါဝင်ဆောင်ရွက်သူများ၏ အရည်အသွေးနှင့် စွမ်းဆောင်ရည်များကို မြှင့်တင်ရန်နှင့် ကမ္ဘာ့အအမွေအနှစ် ကွန်ဗင်းရှင်းအား အကောင် အထည်ဖော် ဆောင်ရွက်ရေးတွင် အထောက်အကူပြုရန်ရည်ရွယ်၍ ကျင်းပခြင်းဖြစ်ပါကြောင်း၊ အမွေအနှစ် ဒေသများ စီမံခန့်ခွဲခြင်းသည် ယဉ်ကျေးမှု အမွေအနှစ်များကို ပြုပြင်ထိန်းသိမ်း ကာကွယ် စောင့်ရှောက်ခြင်းနှင့် အဆင့်မြှင့်တင်ရာတွင်အရေးပါသည့် အခန်းကဏ္ဍတစ်ခုဖြစ်ပြီး နိုင်ငံနှင့် လူမျိုးတို့၏ ကိုယ်ပိုင်စရိုက်လက္ခဏာပိုမိုခိုင်မာစေမည်ဖြစ်ပါကြောင်း၊ မဲခေါင်-လန်ချန်း အဖွဲ့ဝင်နိုင်ငံများနှင့် တရုတ်နိုင်ငံတို့မှ အမွေအနှစ်ဒေသများစီမံခန့်ခွဲနေသည့် ကိုယ်စားလှယ်များ တက်ရောက် ဆွေးနွေးရန် ဖိတ်ကြားထားပါကြောင်းပြောကြားသည်။
ထို့နောက် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနညွှန်ကြားရေးမှူးချုပ် နှင့် တက်ရောက်လာကြသူများကဖိတ်ကြားရေး၊ ကြိုဆိုနေရာချထားရေး၊ အခမ်းအနား ပြင်ဆင် ရေး၊ လုံခြုံရေး၊ ကျန်းမာရေး၊ သတင်းများအချိန်မီထုတ်ပြန်နိုင်ရေး ဆိုင်ရာများကို ညှိနှိုင်း ဆွေးနွေးကြပြီး ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းပေးသည်။
မဲခေါင်-လန်ချန်းဒေသတွင်းနိုင်ငံများရှိအမွေအနှစ်နေရာဒေသများ၏ စီမံခန့်ခွဲမှုဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီ၁၈ရက်မှ၂၂ ရက်အထိပုဂံမြို့တွင် မြန်မာနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပသွားမည် ဖြစ်ကြောင်းသိရှိရသည်။
(သတင်းစဉ်)