နေပြည်တော် ၂၅ ဇန်နဝါရီ
စစ်တွေမြို့နယ်အတွင်းရှိ ကျေးရွာများနှင့် ကယ်ဆယ်ရေး စခန်းများတွင် နေထိုင်ကြသူများ လှေစီး၍ အခြားနိုင်ငံများသို့ တရားမဝင်ထွက်ခွာမှု မရှိစေရေးအတွက် လုံခြုံရေး ရဲတပ်ဖွဲ့ဝင်များက နယ်မြေလုံခြုံရေး အင်အားတိုးမြှင့် ချထားခြင်း၊ သတင်းအဆက်မပြတ် စုံစမ်းဖော်ထုတ်ခြင်းတို့ ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ည ၈ နာရီခန့်က မလေးရှားနိုင်ငံသို့ တရားမဝင်ထွက်ခွာရန် စုစည်းစောင့်ဆိုင်းနေသူများအား ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ စစ်တွေမြို့နယ်၊ ဘာဆာရာကျေးရွာရှိ နူရ်ဆလမ်၏ နေအိမ်၌ မလေးရှား နိုင်ငံသို့ တရားမဝင်ထွက်ခွာရန် ရည်ရွယ်ချက်ဖြင့် စုစည်းရောက်ရှိနေကြောင်း သတင်းအရ ဝင်ရောက် စိစစ်ရာ နူရ်ဆလမ်မှာ ထွက်ပြေးတိမ်းရှောင်သွားပြီး ၎င်း၏ဇနီး မလိုင်လာဘေ ဂေါင်(၂၉)နှစ်၊ အား မလေးရှားနိုင်ငံသို့ သွားရောက်ရန် စောင့်ဆိုင်းနေသူ အုန်းတောကြီး ကျေးရွာမှ လိုင်လာနှင့် ဂျို့မိုက်ဒါတို့ နှင့်အတူ တွေ့ရှိခဲ့ရကြောင်း။
၎င်းတို့အား ကွင်းဆက်စစ်ဆေး မေးမြန်းချက်အရ ည ၁၀ နာရီကျော်ခန့်တွင် ဘာဆာရာ ကျေးရွာအပြင်ဘက် ပင်လယ်ကမ်းခြေသို့သွားသည့် လမ်းရှိကြက်ခြံအတွင်း ခြံပိုင်ရှင် အဒူဟာလိစ် ဦးစီး၍ စက်လှေဖြင့်သွားရောက်ရန် စုစည်းစောင့်ဆိုင်းနေသည့် ဘာဆာရာ ကျေးရွာ၊ ဘုမေကျေးရွာ၊ အုန်းတောကြီးကျေးရွာ၊ မကျည်းမြိုင်ကျေးရွာ၊ ဆေးသမားကြီး IDP Camp နှင့် ဒါးပိုင် IDP Camp တို့မှ အမျိုးသား ၃ ဦး၊ အမျိုးသမီး ၁၃ ဦး စုစုပေါင်း ၁၆ ဦးတို့ကို ထပ်မံစစ်ဆေးတွေ့ရှိခဲ့ကြောင်း သိရသည်။
အဆိုပါ ဖြစ်စဉ်ကြောင့် တိမ်းရှောင်နေသည့် လူစုဆောင်းသူ ပွဲစား နူရ်ဆလ်၊ ဖမ်းဆီးရမိသည့် မလိုင်လာဘေ ဂေါင် နှင့် အဒူဟာလိစ် တို့ကို စစ်တွေမြို့မရဲစခန်းမှ အမှုဖွင့်စစ်ဆေးလျက်ရှိသည်။
ထို့ပြင် မလေးရှားနိုင်ငံသို့ သွားရောက်ရန် ဖမ်းဆီးရမိသည့် စုစည်းထားရှိသူ ၁၈ ဦး တို့ကို လည်း ဥပဒေနှင့်အညီ စိစစ်လျက်ရှိပြီး ကနဦးစိစစ်ချက်အရ မလေးရှားနိုင်ငံသို့ သွားရောက်မည့်သူ များသည် ပွဲစား နူရ်ဆလမ် အား ငွေကျပ် ၁၅ သိန်းစီပေးချေရကာ သွားရောက်ရန် စောင့်ဆိုင်းနေစဉ် ဖမ်းဆီးခံရခြင်း ဖြစ်ကြောင်းသိရသည်။
(သတင်းစဉ်)