နေပြည်တော် ၂၅ ဇန်နဝါရီ
ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၁) ကြိမ်မြောက် ပုံမှန်အစည်းအဝေး စတုတ္ထနေ့ကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ အမျိုးသားလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းက အမျိုးသားလွှတ်တော် ပြည့်သူ့ငွေစာရင်းကော်မတီ၊ လွှတ်တော်အခွင့်အရေး ကော်မတီ၊ အစိုးရ၏အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေး ကော်မတီ၊ အစိုးရမဟုတ်သော ပြည်တွင်းပြည်ပအဖွဲ့အစည်းများဆိုင်ရာ ကော်မတီ၊ ပြည်တွင်းပြည်ပ အလုပ်သမားဆိုင်ရာ ကော်မတီ၊ ပြည်သူတို့၏ တိုင်ကြားစာဆိုင်ရာ ကော်မတီနှင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ရေလုပ်ငန်းဖွံ့ဖြိုး တိုးတက်ရေး ကော်မတီများတွင် ဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်နေရာများ အစားထိုးပြောင်းလဲ ပြင်ဆင်ဖွဲ့စည်းခြင်းကို လွှတ်တော်သို့တင်ပြ၍ အတည်ပြုချက် ရယူသည်။
ဆက်လက်၍ ရှမ်းပြည်နယ် မဲဆန္ဒနယ်အမှတ် (၁၂) မှ ဦးစိုင်းစံအောင်၏ ရှမ်းပြည်နယ်မြောက်ပိုင်း၊ “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း ဟိုပန်ခရိုင်၊ ဟိုပန်မြို့နယ်တွင် ခရိုင်သာသနာရေးမှူးရုံး ဖွင့်လှစ်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်း နှင့်စပ်လျဉ်း၍ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကြည်မင်းက ဝန်ကြီးဌာနအနေဖြင့် ခရိုင်သာသနာရေးမှူးရုံး တိုးချဲ့ဖွဲ့စည်းခွင့်ပြုရန် တင်ပြ ဆောင်ရွက်ခဲ့ပါကြောင်း၊ သို့သော်စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ စီမံကိန်းနှင့် ဖွဲ့စည်းပုံ စိစစ်ရေးအဖွဲ့အနေဖြင့် ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများနှင့် ပြည်ထောင်စုဝန်ကြီးဌာနများတွင် ဝန်ထမ်းဖွဲ့စည်းပုံ တိုးချဲ့ပြင်ဆင်ဖွဲ့စည်းခြင်း၊ ဝန်ထမ်းခန့်ခြင်းတို့အပေါ် ချမှတ်သင့်သည့် မူဝါဒ၊ အခြေခံစံများအတွက် မူဝါဒတစ်ရပ် ညှိနှိုင်းရေးဆွဲဆောင်ရွက် လျက်ရှိပါကြောင်း၊ ထို့ကြောင့် ဟိုပန်ခရိုင် သာသနာရေးမှူးရုံး တိုးချဲ့ဖွဲ့စည်းခြင်း ကိစ္စကို စီစဉ်ဆောင်ရွက်ပေးနိုင်ခြင်း မရှိပါကြောင်း၊ သို့သော် ဟိုပန်မြို့နယ်တွင် မြို့နယ်သာသနာရေးမှူးရုံး ဖွင့်လှစ်ထားရှိပြီး မြို့နယ်သာသနာရေးမှူးခန့်အပ်ကာ သာသနာရေးဆိုင်ရာ လုပ်ငန်းများ ဆောင်ရွက်လျက်ရှိသဖြင့် ဟိုပန်ခရိုင် သာသနာရေးဆိုင်ရာ ကိစ္စရပ်များကိုလည်း ဆောင်ရွက်နိုင်ပါကြောင်း ဖြေကြားသည်။
ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ် (၁၀) မှ ဦးလားလ်မင်းထန်၏ ချင်းပြည်နယ်၊ မတူပီမြို့တွင် ခရိုင်အင်္ဂါရပ်နှင့် ညီညွတ်သော မြို့မဈေးတစ်ခုကို ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် တည်ဆောက်ပေးရန် အစီအစဉ်ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ နေပြည်တော်ကောင်စီဝင် ဦးညီထွန်းက ခရိုင်အင်္ဂါရပ်နှင့် ညီညွတ်သော မြို့မဈေး တစ်ခုကို ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် တည်ဆောက်ပေးနိုင်ရန်အတွက် Developer စနစ်ဖြင့်ဆောင်ရွက်ရန် စိတ်ဝင်စားသူ လုပ်ငန်းရှင်များကို ခေါ်ယူလျက် ရှိပါကြောင်း၊ စိတ်ဝင်စားသူများရှိပါက မတူပီမြို့မဈေးအား သုံးထပ်ဈေးအသစ် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ဖြေကြားသည်။
မကွေးတိုင်းဒေသကြီး၊ မဲဆန္ဒနယ်အမှတ် (၆) မှ ဦးဝင်းမောင်၏ မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်အတွင်းရှိ လင်းဇင်းဆည်ရေသောက် မြောင်းမတော်ကြီး၊ စလင်းမြောင်းမကြီး၊ ဆင်ဖြူကျွန်းမြောင်း (မုန်းမြောင်းဆည်ရေသောက်လက်တံ) တို့မှ သဲနုန်းတူးဖော်ခြင်း လုပ်ငန်းများနှင့် ကြိုဝန်းနယ် ဒုတိယဦးစီးမှူး နေအိမ်ပြုပြင်ခြင်း လုပ်ငန်းတို့ကို ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် အကောင်အထည် ဖော်ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော်က လင်းဇင်းရေလွှဲဆည်၏ ရေသောက်စနစ်မှ ရေပေးမြောင်းများမှာ (၁၉၃၄) ခုနှစ်က ဖောက်လုပ်ခဲ့သော ရေပေးမြောင်းများ ဖြစ်ပါကြောင်း၊ သက်တမ်းအားဖြင့် ကြာမြင့်ပြီ ဖြစ်ပြီး နှစ်စဉ်ရန်ပုံငွေ ခွဲဝေရရှိမှုအပေါ်မူတည်ပြီး ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေး ဦးစီးဌာနမှ တူးမြောင်းများ ရေစီးရေလာ ကောင်းမွန်စေရေးအတွက် သဲနုန်းတူး ဖော်ပြုပြင်ခြင်း လုပ်ငန်းကို ဆောင်ရွက်ပေးလျက် ရှိပါကြောင်း။
ယခုဘဏ္ဍာနှစ်တွင် မြောင်းမတော်မြောင်း ပေတိုင် ပေ (၁၉၀ဝ၀) မှ (၈၄၀ဝ၀) အထိ၊ စလင်းမြောင်းမကြီး ပေတိုင် ပေ(၅၅၀ဝ၀) မှ (၁၀ဝ၅၃၇) အထိ၊ ဆင်ဖြူကျွန်း မြောင်းပေတိုင် ပေ (၂၅၀ဝ၀) မှ (၄၅၀ဝ၀) အထိ စသည့် မြောင်းအပိုင်းများကို သဲနုန်း တူးဖော်ဆောင်ရွက်နိုင်ရန်အတွက် ပြည်ထောင်စု ဘတ်ဂျက် သာမန်အသုံးစရိတ် ရန်ပုံငွေတွင် ခွဲဝေရရှိပြီး ဖြစ်သည့်အတွက် လုပ်ငန်းများ စတင်ဆောင်ရွက်လျက်ရှိပါကြောင်း။
ကြို့ဝန်းနယ် ဒုတိယဦးစီးမှူးနေအိမ် ပြုပြင်ရန်ကိစ္စနှင့် ပတ်သက်၍ အဆိုပါနေအိမ် အဆောက်အအုံမှာ လွန်ခဲ့သည့် နှစ်ပေါင်း (၈၀) ကျော်ခန့်က တည်ဆောက်ခဲ့ခြင်းဖြစ်ပါကြောင်း၊ နှစ်ကာလ ကြာမြင့်သည်နှင့်အမျှ အမိုးနှင့်မျက်နှာကျက်များ၊ နံရံနှင့် ကြမ်းခင်းများ ပြန်လည်ပြုပြင်ပေးရန်နှင့် ခြံစည်းရိုးကာရံပေးရန် လိုအပ်လျက် ရှိပါကြောင်း၊ ထို့ကြောင့် အဆိုပါနေအိမ် အဆောက်အအုံ ပြုပြင်ပေးနိုင်ရန် လိုအပ်သည့်ရန်ပုံငွေ တွက်ချက်ပြီး ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာနှစ် ပြည်ထောင်စုသာမန် အသုံးစရိတ် ရန်ပုံငွေတွင် ထည့်သွင်းလျာထား တင်ပြတောင်းခံပြီး ရန်ပုံငွေရရှိမှုအပေါ် မူတည်၍ ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေး ဦးစီးဌာနမှ အကောင်အထည်ဖော် ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း ဖြေကြားသည်။
အလားတူ မန္တလေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ် (၇) မှ ဦးကျော်တုတ်နှင့် မွန်ပြည်နယ် မဲဆန္ဒနယ် အမှတ် (၇) မှ ဦးနိုင်သီဟတို့၏ မေးခွန်းများနှင့် စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးလှကျော်က ပြန်လည်ရှင်းလင်းဖြေကြားခဲ့သည်။
ထို့နောက် အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီ အတွင်းရေးမှူး ဒေါက်တာမြတ်ဉာဏစိုးက ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက်ဖြင့် အတည်ပြုပြီး ပေးပို့လာသော မြန်မာနိုင်ငံ အင်ဂျင်နီယာကောင်စီဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းအား အမျိုးသား လွှတ်တော်က ဆွေးနွေးနိုင်ရန် ဥပဒေကြမ်းကော်မတီ၏ အစီရင်ခံစာကို ဖတ်ကြားရှင်းလင်းသည်။
ယင်းနောက် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌက အဆိုပါဥပဒေကြမ်းအား ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိပါက အမည်စာရင်းတင်သွင်းနိုင်ကြောင်း ကြေညာသည်။
ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၁)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ပဉ္စမနေ့ကို ဇန်နဝါရီ ၂၈ ရက်တွင် ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
အောင်ရဲသွင်၊ လူမော် (သတင်းစဉ်)