ရန်ကုန် ၂၅ ဇန်နဝါရီ


မြန်မာနိုင်ငံတိုင်းရင်းသား လုပ်ငန်းရှင်များအသင်းက ကြီးမှူးကျင်းပသည့် “သွေးချင်းတို့ရဲ့ ပွဲတော်ဆီ” ပွဲတော်မုခ်ဦး ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၈ နာရီခွဲက ရန်ကုန်မြို့ တာမွေမြို့နယ်ရှိ ကျိုက္ကဆံကွင်း၌ ကျင်းပသည်။


ရှေးဦးစွာ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး နိုင်သက်လွင်က အဖွင့်အမှာစကား ပြောကြားရာတွင် ယခုကဲ့သို့ တိုင်းရင်းသားများ၏ ချစ်ကြည်ရင်းနှီးမှု စည်းလုံးညီညွတ်မှုကို ဖော်ဆောင်စေသည့် ပွဲတော်ကြီးကို ပထမဆုံးအနေဖြင့် ကျင်းပနိုင်ခဲ့သည့်အတွက် မြန်မာနိုင်ငံတိုင်းရင်းသား လုပ်ငန်းရှင်များအသင်းကိုလည်း များစွာ ကျေးဇူးတင်ဂုဏ်ယူမိပါကြောင်း။

 

mdn


၂၀၁၈ ခုနှစ် ဇန်နဝါရီလက တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာန နေပြည်တော် တွင် ကျင်းပခဲ့သည့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်မှုဖိုရမ်မှ ရရှိသည့် စီးပွားရေးဆိုင်ရာ ဆွေးနွေးချက်များအရ မြန်မာနိုင်ငံတိုင်းရင်းသား လုပ်ငန်းရှင်များ အသင်းကို ဖွဲ့စည်းဆောင်ရွက်နိုင်ခဲ့ကြောင်း၊ ယင်းအသင်းအနေဖြင့် နိုင်ငံတော်ရှိ တိုင်းရင်းသားများ၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုများမှာ ပါဝင်ကူညီဆောင်ရွက်ပေးနိုင်သည့် ခိုင်မာသော အသင်းအဖွဲ့ဖြစ်ရန်အတွက် ရည်မှန်းချက်ထားရှိပြီး ဖွဲ့စည်းခဲ့သည့် အသင်းဖြစ်သည်ဟုလည်း သိရှိထားပါကြောင်း။


မြန်မာနိုင်ငံသည် တိုင်းရင်းသားများ စုပေါင်းနေထိုင်သည့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ဖြစ်သည့်အတွက် တိုင်းရင်းသား စည်းလုံးညီညွတ်မှုသည် နိုင်ငံတော်အတွက် အရေးကြီးသည့် အချက်လည်းဖြစ်ပါကြောင်း၊ တိုင်းရင်းသား စည်းလုံးညီညွတ်မှုရှိမှသာ နိုင်ငံ၏ငြိမ်းချမ်းရေးကို ဖော်ဆောင်နိုင်မည်ဖြစ်သကဲ့သို့ နိုင်ငံတော်ငြိမ်းချမ်းသာယာမှသာ ပြည်သူလူထု၏ စီးပွားရေးသည်လည်းကြီးပွား တိုးတက် မည်ဖြစ်ကြောင်း။


မြန်မာနိုင်ငံအတွင်း တိုင်းရင်းသားမျိုးနွယ်စုများစွာ ကွဲပြားနေကြသကဲ့သို့ နောက်ခံသမိုင်းကြောင်းများအရ အတွေးအမြင်များလည်း မတူညီမှုများစွာရှိနိုင်ကြောင်း၊ အတွေးအမြင် မတူညီခြင်းကို ဘေးဖယ်ထားပြီး တူညီခြင်းကို စုစည်းကာရှေ့ဆက်ဆောင်ရွက်၍ ရသည်ရှိသကဲ့သို့ မတူညီသော်လည်း ပေါင်းစပ်ပြီး ဆောင်ရွက်နိုင်သည်များလည်း ရှိပါကြောင်း၊ မိမိတို့နိုင်ငံကိုလည်း မတူကွဲပြားမှုများ များနေပါစေ စုစည်းတည်ဆောက်၍ ရနိုင်ကြောင်း။

 

mdn


ယခုကဲ့သို့  တိုင်းရင်းသားများပါဝင်သည့် ပွဲတော်များ ကျင်းပခြင်းကြောင့် တိုင်းရင်းသားများ အချင်းချင်း တစ်ဦးနှင့်တစ်ဦး မတူကွဲပြားသည့် ယဉ်ကျေးမှုဓလေ့ ထုံးစံများကို ပိုမိုသိရှိ နားလည်လာကြပြီး ရင်းနှီးချစ်ကြည်မှုများ ရရှိလာနိုင်မည်ဖြစ် ကြောင်း၊ ရင်းနှီးချစ်ကြည်မှုမှသည် တစ်ဦးနှင့်တစ်ဦး ချစ်ခင်ယုံကြည်မှုများ တိုးပွား ရရှိလာမည်ဖြစ်ကြောင်း၊ သို့မှသာ တိုင်းရင်းသား ညီအစ်ကို မောင်နှမများအကြား သံသယကင်းစင်ပြီး ခိုင်မာသည့် ယုံကြည်ချက်များဖြင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အောင်မြင်ရေးနှင့် ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု ဖြစ်ပေါ်ရေးအတွက် ဆွေးနွေးအဖြေရှာနိုင်မည် ဖြစ်ပါကြောင်း။


ယခုအချိန်အခါတွင် မိမိတို့မြန်မာနိုင်ငံကို ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုကြီး ဖြစ်ပေါ်လာစေရေး ရည်မှန်းလျက် နိုင်ငံတော်အစိုးရ၏ ဦးဆောင်မှုနှင့်အတူ တိုင်းရင်းသား ပြည်သူတစ်ရပ်လုံးက ကြိုးပမ်းတည်ဆောက်လျက်ရှိသည့် အချိန်အခါဖြစ်ပါကြောင်း၊ ထိုသို့တည်ဆောက်ရာတွင် အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးအတွက် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ (၂၁) ရာစု ပင်လုံအစည်းအဝေးများ ကျင်းပလျက်ရှိကာ တတိယအကြိမ် အစည်းအဝေးကို အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပြီး ဒီမိုကရေစီ ကျင့်စဉ်များ၊ ဖက်ဒရယ် အခြေခံမူများ ရရှိထားပြီးဖြစ်ကြောင်း။

 

mdn


တိုင်းရင်းသားများ အချင်းချင်းအပြန်အလှန် ယုံကြည်မှု၊ အပြန်အလှန် ပူးပေါင်း ဆောင်ရွက်မှုများဖြင့် စည်းလုံးညီညွတ်မှု၊ အမျိုးသားပြန်လည် သင့်မြတ်မှုများကို ခိုင်မာသည်ထက် ခိုင်မာအောင် တည်ဆောက်နိုင်သည်နှင့်အမျှ ငြိမ်းချမ်းသာယာ ဝပြောသည့် ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုကြီး မလွဲမသွေ တည်ဆောက်သွားနိုင်မည်ဖြစ်ကြောင်း။


မြန်မာနိုင်ငံရှိ တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင်သူ့အလှနှင့်သူ ကိုယ်စီရှိကြကြောင်း၊ တိုင်းရင်းသား လူမျိုးများတွင်လည်း ၎င်းတို့မျိုးနွယ်အလိုက် လူမျိုးစုအလိုက် အလှကိုယ်စီ ရှိကြကြောင်း၊ ၎င်းတို့တွင် ရှိကြသည့် အလှတရားများနှင့် ပြည်ထောင်စုကြီးကို တန်ဆာဆင်ကြရန် လိုအပ်ကြောင်း။


တိုင်းရင်းသားလူမျိုးအလိုက် ဘာသာစကား၊ စာပေ၊ ယဉ်ကျေးမှုဓလေ့ ထုံးစံများ အစဉ်ထာဝရ ဖွံ့ဖြိုးတိုးတက် တည်တံ့ခိုင်မြဲလာစေရန် တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာနက ပံ့ပိုးကူညီဆောင်ရွက်ပေးလျက်ရှိသကဲ့သို့ တိုင်းရင်းသား ညီအစ်ကို မောင်နှမများ အားလုံးကလည်း ၎င်းတို့၏ ဘာသာစကားယဉ်ကျေးမှု ဓလေ့ ထုံးစံများကို တန်ဖိုးထားရန်နှင့် အခြားတိုင်းရင်းသားများ၏ ယဉ်ကျေးမှုဓလေ့ထုံးစံများကို လေးစားမှု ရှိပြီး ပြည်ထောင်စုကြီး ငြိမ်းချမ်းရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပူးပေါင်းဆောင်ရွက် ပေးရန်လည်းလိုအပ်ပါကြောင်း။

 

mdn


တိုင်းရင်းသားများ၏ လူမှုစီးပွားဘဝ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ရာတွင် ဖွံ့ဖြိုးရေးနှင့် ငြိမ်းချမ်းရေးသည် ဒွန်တွဲနေပါကြောင်း၊ ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးရေးကို ခွဲခြား၍မရနိုင်ကြောင်း၊ ငြိမ်းချမ်းရေးရရှိမှ ဖွံ့ဖြိုးတိုးတက်မည်ဖြစ်ပြီး ဖွံ့ဖြိုးတိုးတက်မှုရှိမှလည်း ငြိမ်းချမ်းရေးကို ထိန်းသိမ်းနိုင်မည် ဖြစ်ကြောင်း။


စီးပွားရေးဖွံ့ဖြိုးတိုးတက်ရန် အခြေခံလိုအပ်ချက်သည် လမ်းပန်းဆက်သွယ်ရေးနှင့် စွမ်းအင်လုံလောက်စွာ ရရှိရေးပင်ဖြစ်ကြောင်း၊ ယင်းအခြေခံ လိုအပ်ချက်များကို နိုင်ငံတော်အစိုးရက ဆောင်ရွက်ပေးနေသကဲ့သို့ ပုဂ္ဂလိကစီးပွားရေး လုပ်ငန်းရှင်များ ကလည်း ဒေသတွင်း စီးပွားရေးလုပ်ငန်းများကို ဝင်ရောက် ဆောင်ရွက်ပေးမှသာ အမြန် ဖွံ့ဖြိုးလာမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံတိုင်းရင်းသား လုပ်ငန်းရှင်များအသင်းကို ပြည်နယ်နှင့် တိုင်းဒေသကြီးများတွင် အသင်းခွဲများ ဖွဲ့စည်းဆောင်ရွက်ပြီး ဖြစ်သည့် အတွက် ယင်းအချက်ကို ပူးပေါင်းပါဝင်ဆောင်ရွက်ရန် တိုက်တွန်းလိုကြောင်း။


ယခုပွဲတော်ကြီးတွင် တိုင်းရင်းသားများ၏ ရိုးရားယဉ်ကျေးမှု အကအလှများ၊ တေး သီချင်းဖျော်ဖြေမှုများ၊ တိုင်းရင်းသားများ၏ နေထိုင်မှုများနှင့် အသုံးအဆောင်များကို ပြသမည့် ယဉ်ကျေးမှုပြခန်းများ၊ ဒေသအသီးသီးက တိုင်းရင်းသားရိုးရာ အစားအစာများ၊ ရိုးရာဝတ်စုံများနှင့် ထွက်ကုန်ပစ္စည်းများ ရောင်းချမည့် ဈေးဆိုင်တန်းများ၊ အမှတ်တရ ဓာတ်ပုံများ ရိုက်ကူးနိုင်မည့် နေရာများ၊ အထူးသဖြင့် တိုင်းရင်းသူအလှမယ် Miss Ethnic Myanmar 2019 ရွေးချယ်ပွဲကို ကျင်းပသွားမည်ဟု သိရှိရ၍ တစ်နေရာထဲတွင် မြန်မာနိုင်ငံရှိ တိုင်းရင်းသား ဒေသများကို ရောက်ရှိသွားနိုင်မည်ဟု ပြောရမည်ဖြစ်ကြောင်း။

 

mdn


မြန်မာနိုင်ငံ၏ သာယာလှပသည့် နယ်မြေအသီးသီးတွင်ရှိကြသည့် တိုင်းရင်းသားများ၏ ချစ်စရာဓလေ့ ထုံးစံများနှင့် ရိုးရာယဉ်ကျေးမှုများ၊ ရိုးရာအစားအစာများသည် နိုင်ငံ့ဂုဏ် ကျက်သရေကို များစွာတိုးတက်စေသကဲ့သို့ နိုင်ငံတကာက ခရီးသွားများကိုလည်း ဆွဲဆောင်နိုင်သည့်အချက် တစ်ချက်လည်းဖြစ်လာမည်ဖြစ်ကြောင်း။


ထို့ကြောင့် ယခုကဲ့သို့ ပွဲတော်ကြီးမျိုးကိုနောင်နှစ် နောင်နှစ်များတွင် ရန်ကုန်မြို့တွင်သာမက တိုင်းဒေသကြီးနှင့်ပြည်နယ် အသီးသီးတို့တွင်လည်း စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရန် မိမိအနေဖြင့် တိုက်တွန်းလိုကြောင်း။


တိုင်းရင်းသားများကို အခြေခံပြီးဖွဲ့စည်းထားသည့် မြန်မာနိုင်ငံ တိုင်းရင်းသား လုပ်ငန်းရှင်များ အသင်းအနေဖြင့်လည်း မည်သို့အခက်အခဲများပင်ရှိရှိ စည်းလုံးညီညာစွာ လက်တွဲ၍ တိုင်းပြည်၏ အကျိုးစီးပွားနှင့် ငြိမ်းချမ်းရေးကို ပိုမိုတိုးတက် ကောင်းမွန်အောင် ဆောင်ရွက်ပေးကြပါဟု အလေးအနက်ထား တိုက်တွန်းပြောကြားလိုကြောင်း။


စီးပွားရေးဈေးကွက်အနေနှင့် ခရီးသွားလုပ်ငန်းများ၊ ဒေသထွက်ကုန် ပစ္စည်းများနှင့် တိုင်းရင်းသားများ၏ စီးပွားရေးလုပ်ငန်းများကို ပြည်တွင်းတွင်သာမက ပြည်ပ၌ပါ ထိုးဖောက်၍ အောင်မြင်စွာ ဆောင်ရွက်သွားနိုင်ရန်အတွက်လည်း အကြံပြုလိုကြောင်း၊ သို့မှသာ ယင်းအသင်းသည် တိုင်းပြည်၏ အကျိုးစီးပွားကို အထောက်အကူပြု နိုင်မည်ဖြစ်ပြီး နိုင်ငံတကာနှင့်လည်း ရင်ပေါင်တန်းနိုင်မည်ဖြစ်ကြောင်း၊ ထို့အပြင် တိုင်းရင်းသား လုပ်ငန်းရှင်များအသင်း တစ်သင်းဖြစ်ခြင်းကြောင့် တိုင်းပြည်၏ အကျိုးစီးပွားကိုလည်းများစွာ အထောက်အကူပြုနိုင်မည်ဟု ယုံကြည်မိကြောင်း။

 

mdn


နိဂုံးချုပ်အနေဖြင့် မြန်မာနိုင်ငံတိုင်းရင်းသား လုပ်ငန်းရှင်များ အသင်းကလည်း တိုင်းရင်းသားများ၏ စီးပွားရေးကိုသာမက နိုင်ငံတော်၏ အကျိုးစီးပွားနှင့် အေးချမ်းသာယာမှုကိုပါ ပိုမိုတိုးတက်အောင် အကောင်အထည်ဖော်ဆောင်၍ ကမ္ဘာတွင် အောင်မြင်သည့် အသင်းတစ်သင်းအဖြစ် ရပ်တည်သွားနိုင်အောင် အစွမ်းကုန်ကြိုးစား ဆောင်ရွက်ပေးသွားရန် တိုက်တွန်းပြောကြားသည်။


ထို့နောက် ရန်ကုန်တိုင်းဒေသကြီး ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးဇော်အေးမောင်က အမှာစကား ပြောကြားသည်။ ဆက်လက်၍ မြန်မာနိုင်ငံတိုင်းရင်းသား လုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးယောဆက်က ပွဲတော်ကျင်းပရခြင်းနှင့်စပ်လျဉ်း၍ ပြောကြားသည်။


ယင်းနောက် “သွေးချင်းတို့ရဲ့ပွဲတော်ဆီ” ပွဲတော်မုခ်ဦးကို တိုင်းရင်းသား လူမျိုးများရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး နိုင်သက်လွင်၊ စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာသန်းမြင့်၊ ဟိုတယ်နှင့်ခရီး သွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးအုန်းမောင်၊ မြန်မာနိုင်ငံတိုင်းရင်းသား လုပ်ငန်းရှင်များ အသင်းနာယကများ ဖြစ်ကြသော ငြိမ်းချမ်းရေးကော်မရှင် ဥက္ကဋ္ဌ ဒေါက်တာတင်မျိုးဝင်းနှင့် ဒေါက်တာအောင်ထွန်းသက်၊ ရန်ကုန်တိုင်းဒေသကြီး ရခိုင် တိုင်းရင်းသား  ရေးရာဝန်ကြီး ဦးဇော်အေးမောင်၊ ကရင်တိုင်းရင်းသားရေးရာဝန်ကြီး နော်ပန်းသဉ္ဇာမျိုး၊ မြန်မာနိုင်ငံ တိုင်းရင်းသား လုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးယောဆက်၊ ဒုတိယဥက္ကဋ္ဌ လဖိုင်ခွန်ဆာ၊ အထွေထွေအတွင်းရေးမှူး ဦးမင်းဗညားစန်း၊ Inner Mongolia Kincaid Industrial Group မှ Mr. Ai Min နှင့် Mr. Zhang Rui တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။


ထို့နောက် ပြည်ထောင်စုဝန်ကြီးများ၊ တိုင်းဒေသကြီး/ ပြည်နယ်များမှ တိုင်းရင်းသားရေးရာ ဝန်ကြီးများ၊ မြန်မာနိုင်ငံ တိုင်းရင်းသားလုပ်ငန်းရှင်များ အသင်းနာယကများ၊ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များသည် ကျိုက္ကဆံ ကွင်းအတွင်းရှိ တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှုပြခန်းများ၊ စီးပွားရေးဆိုင်ရာ ပြခန်းများ၊ ကချင်ရိုးရာ မနောအကတို့ကို လှည့်လည် ကြည့်ရှုအားပေးကြသည်။


အဆိုပါ “သွေးချင်းတို့ရဲ့ပွဲတော်ဆီ”ပွဲတော်ကိုယနေ့မှ ဇန်နဝါရီ ၃၀ ရက်အထိ ၆ ရက်တိုင်တိုင် နံနက် ၁၁ နာရီမှ ည ၁၀ နာရီအထိကျင်းပမည်ဖြစ်ပြီး နိုင်ငံကျော် တေးသံရှင်များ၏ ဖျော်ဖြေတင်ဆက်မှုများ၊ တိုင်းရင်းသား လူမျိုးစုတစ်စုချင်းစီ၏ အကအလှများ၊ တိုင်းရင်းသားအလှမယ် ရွေးချယ်ပွဲ (Miss Ethnic Myanmar 2019)၊ တိုင်းရင်းသားလူမျိုးစုများ၏ ရိုးရာယဉ်ကျေးမှု ဓလေ့နေထိုင်မှုပုံစံများနှင့် အသုံးအဆောင် ပစ္စည်းများကို တစ်စုတစ်စည်းတည်း ဖော်ပြထားသည့် ပြခန်းများ၊ စီးပွားရေး လုပ်ငန်းရှင်များအတွက် မိမိတို့ ကုန်ပစ္စည်းများကို တစ်စုတစ်ဝေးတည်း တစ်နေရာတည်းတွင် လူအများကို ပြသရောင်းချနိုင်သည့် Exhibition Booth များ၊ လူမျိုးဘာသာမရွေး စားသောက်နိုင်သည့် Ethnics Night  Market ဈေးတန်းများ၊ ဖျော်ဖြေတင်ဆက်မှုများ၊ စိတ်လှုပ်ရှားဖွယ် ပျော်ရွှင်စရာ အစီအစဉ်များ၊ ဈေးဆိုင်များ၊ အမှတ်တရ ဓာတ်ပုံရိုက်ကူးရန်နှင့် မီးအလှများစသည့် အစီအစဉ်များ ပါဝင်ပြီးဆိုင်ခန်း ပေါင်း ၈၀ဝ ကျော် ဖွင့်လှစ် ရောင်းချလျက်ရှိကြောင်းသိရသည်။


သတင်း - ရီရီမြင့်၊ ဥမ္မာသန့်
ဓာတ်ပုံ - လှမိုး