ရန်ကုန် ၂၃ ဇန်နဝါရီ 


အမှုမှာ ဇန်နဝါရီ ၁၉ ရက်က ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၊ ကမ်းနားအလယ် ရပ်ကွက်၊ အောင်ဇေယျအိမ်ယာ လုံခြုံရေးဝန်ထမ်း ဦးလှမောင်ဖေ (၆၂)နှစ်၊ တိုက်(၃) အခန်း အတွင်း လဲကျသေဆုံးနေကြောင်း ဖုန်းဆက်အကြောင်းကြားသဖြင့်  ရဲစခန်းတာဝန်မှူးမှ တရားလို ပြု လုပ်တိုင်တန်းခဲ့ကြောင်း သိရသည်။


ဖြစ်စဉ်နှင့်ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးမှ ပြစ်မှုကျူးလွန်ရန် ဖြစ်နိုင်ခြေရှိသည့် မသင်္ကာသူများအား ရှာဖွေစုံစမ်းသွားရန်နှင့် ပြစ်မှုကျူးလွန်သူအား အမြန်ဆုံး ဖော်ထုတ်ဖမ်းဆီး အရေးယူနိုင်ရေး ဆောင်ရွက်သွားရန် ညွှန်ကြားချက်အရ မြောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူး၊ အင်းစိန်မြို့နယ် ရဲတပ်ဖွဲ့မှူး၊ ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး၊ မှုခင်းအကူဌာနစုမှ တပ်ဖွဲ့ဝင်များ၊ မြောက်ပိုင်းခရိုင်၊ မှုခင်းနှိမ်နင်းရေးဌာစုမှ  တပ်ဖွဲ့ဝင်များ အင်းစိန်မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် အခင်းဖြစ်အရပ်သို့ သွားရောက်စုံစမ်း စစ်ဆေးခြင်း၊ သဲလွန်စများ ရှာဖွေခြင်းများ ဆောင်ရွက်ခဲ့ပြီး ပူးပေါင်းအဖွဲ့ငယ်များဖွဲ့၍  မသင်္ကာသူများအား စုံစမ်းရာ အခင်းဖြစ်နေ့ ၉ နာရီခွဲတွင် ယခင်က လုံခြုံရေးဝန်ထမ်းလုပ်ကိုင်ခဲ့ဖူးသည့် ကျော်ကျော် ဆိုသူ ရောက်ရှိလာပြီး သေဆုံးသူ ဦးလှမောင်ဖေ နှင့် သစ်ကိုင်များ ခုတ်ခြင်းပြုလုပ်ခဲ့ပြီး အတူထမင်းစားခဲ့ကြောင်း သိရှိရသည်။


အဆိုပါ  ကျော်ကျော်ဆိုသူအား လိုက်လံစုံစမ်းရှာဖွေခဲ့ရာ ဇန်နဝါရီ ၂၁  ရက် ၄ နာရီခွဲတွင် မြောက်ဥက္ကလာပမြို့နယ်၊ (၂)ရပ်ကွက်၊ မုဒိတာလမ်းနေ ၎င်း၏ညီမဖြစ်သူ နေအိမ်တွင် ကျော်ကျော် (ခ) ဇော်မိုးကျော်အား  ဖမ်းဆီးရမိခဲ့ပြီး စစ်ဆေးခဲ့ရာ အခင်းဖြစ်နေ့က ကျော်ကျော် (ခ) ဇော်မိုးကျော်သည် လုံခြုံရေး အတူလုပ်ကိုင်ခဲ့ဖူးသည့် ဦးလှမောင်ဖေ လုပ်ကိုင်လျက်ရှိသော အောင်ဇေယျ အိမ်ယာသို့ ရောက်ရှိခဲ့ကြောင်း၊ 


ဦးလှမောင်ဖေ အား ငွေနှစ်သောင်းကျပ်ချေးရန် ပြောဆိုရာ ဦးလှမောင်ဖေမှ မချေးနိုင်ကြောင်း ပြောခဲ့ပြီး ဦးလှမောင်ဖေနှင့်အတူ သစ်ပင်မှသစ်ကိုင်များခုတ်ပေးခဲ့ကြောင်း၊ ယင်းနောက် နေ့လည်စာအတူစားခဲ့ကာ ထပ်မံ၍ ငွေကြေးအကူအညီ တောင်းခံရာမပေးသဖြင့် အနီးတွင်ရှိသော ကျောက်ငရုတ်ကျည်ပွေဖြင့် ဦးခေါင်းအား (၃)ချက်ထု၍ နဖူးအား ဓားမဖြင့်ခုတ်ပြီး  ဦးလှမောင်ဖေအား အခန်းအတွင်းသို့ ဆွဲသွင်းခဲ့ကြောင်း၊ ဦးလှမောင်ဖေ ဝတ်ဆင်ထားသည့် ရွှေဆွဲကြိုး (၁)ကုံး၊ လက်စွပ်(၁)ကွင်း၊ ငွေ(၁၂၀ဝ၀)ကျပ်နှင့် ဖုန်း(၁)လုံးတို့အား ယူဆောင်ခဲ့၍  အဝတ်အစားများလဲကာ ထွက်လာခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့ပါသည်။


စစ်ဆေးပေါ်ပေါက်ချက်အရ ပြစ်မှုကျူးလွန်သူ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်၊ ရွာသာကြီးကျေးရွာ၊  ရွှေကြေးစည်း (၁) လမ်းနေ ကျော်ကျော် (ခ) ဇော်မိုးကျော် (၂၃) နှစ်ထံမှ ပြစ်မှုနှင့်ပတ်သက်သော သက်သေခံ ပစ္စည်းများအား ရှာဖွေသိမ်းဆည်းခဲ့ပြီး  ဥပဒေနှင့်အညီ အရေးယူနိုင်ရေးဆောင်ရွက်လျက်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ သတင်းရရှိပါသည်။


MDN