နေပြည်တော် ၂၅  ဇန်နဝါရီ 


လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်သည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ် ရွှေလင်ပန်းစက်မှုဇုန်၌ စက်မှုလုပ်ငန်းရှင်များနှင့် တွေ့ဆုံသည်။


တွေ့ဆုံပွဲတွင် ရွှေလင်ပန်းစက်မှုဇုန် ဥက္ကဋ္ဌ ရွှေလင်ပန်းစက်မှုဇုန်ရှိ စက်ရုံ၊ အလုပ်ရုံများ၏ လုပ်ငန်းဆောင်ရွက်နေမှုများကို ရှင်းလင်းတင်ပြသည်။


ထို့နောက် ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်က စက်မှုဇုန်အတွင်းရှိ စက်ရုံ၊ အလုပ်ရုံများ မှ လုပ်ငန်းရှင်များအနေဖြင့် လျှပ်စစ်ဓာတ်အား သုံးစွဲရာတွင် အဆင်ပြေမှု ရှိ/မရှိ၊ တွေ့ကြုံရသည့် အခက်အခဲများကို ပွင့်ပွင့်လင်းလင်း တင်ပြကြရန်နှင့် ယင်းအခက်အခဲများအနက် လက်ငင်း ဖြေရှင်းဆောင်ရွက်နိုင်သည်များကို ချက်ခြင်းဖြေရှင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားပြီး စက်မှုဇုန်သို့ ဓာတ်အားပို့လွှတ်နေမှု၊ လျှပ်စစ်ဗို့အား တည်ငြိမ်အောင် ဆောင်ရွက် နေမှုနှင့် လျှပ်စစ်ဓာတ်အား တိုးတက်ကောင်းမွန်အောင် စီစဉ်ဆောင်ရွက်နေမှု တို့ကို ရှင်းလင်းပြောကြားသည်။


ယင်းနောက် ရွှေလင်ပန်း စက်မှုဇုန်အတွင်းရှိ Handa (Yangon) အထည်ချုပ်စက်ရုံနှင့် Htoo Thit Co.,Ltd အစာတောင့် စက်ရုံများ၌ တပ်ဆင်သုံးစွဲထားသော ထရန်စဖော်မာဝန်အား နှင့် လျှပ်စစ်ဗို့အား တည်ငြိမ်ပြည့်ဝစွာ အသုံးပြုနိုင်ရေးအတွက် စမ်းသပ်စစ်ဆေးနေမှု၊ ဇုန်အတွင်းရှိ (33/11)KV, (10)MVA ဓာတ်အားခွဲရုံနှင့် (31/11)KV, (10+10+20)MVA ဓာတ် အားပေးခွဲရုံတို့ကို စမ်းသပ်စစ်ဆေးနေမှုကို ကြည့်ရှုစစ်ဆေးပြီး စက်ရုံ၊ အလုပ်ရုံများမှ လုပ်ငန်းရှင်များ လျှပ်စစ်ဗို့အား တည်ငြိမ်ပြည့်ဝစွာ အသုံးပြုနိုင်ရေး၊ လျှပ်စစ်ဓာတ်အား ပြတ်တောက်မည့် အခြေအနေများကို လုပ်ငန်းရှင်များသို့ ကြိုတင်အကြောင်းကြားနိုင်ရန် စီစဉ်ဆောင်ရွက်ရေးတို့ကို မှာကြားသည်။ 


(မောင်မင်းနိုင်)