သည်နေ့လို ပညာခေတ်မှာ နိုင်ငံထူထောင်ရေးတွင် ပညာတတ်တွေအများကြီးလိုသည်ဟူသည့် အဆိုနှင့်ပတ်သက်၍ ငြင်းချက်ထုတ်ရန်မလို၊အားလုံးသဘောတူကြပြီး ဖြစ်သည်ဟု ယုံကြည်ပါသည်။ 


တိုင်းပြည်ထူထောင်ရေးအတွက် ဘယ်လို ပညာတတ်များကို ဘယ်လိုနည်းဖြင့် မွေးထုတ်ယူမည်နည်းဆိုလျှင်မူ ဆွေးနွေးစရာများ ရှိလိမ့်မည်ဟုထင်ပါသည်။


ယေဘုယျအားဖြင့် မိမိတတ်စွမ်းသည့် ပညာရပ်နယ်ပယ်တွင်ကျွမ်းကျင်အောင် ခေတ်နှင့်အမီလိုက်နိုင်အောင် ကိုယ့်ကိုယ်ကိုယ် ချွန်မြအောင် သွေးနေသည့်၊ မိမိပညာရပ်နယ်ပယ်တွင် အမှားအမှန်ကိုအကောင်းအဆိုးကို ပါးပါးနပ်နပ် နားလည်ခွဲခြားနိုင်သည့် ပညာတတ်များ လိုသည်ဟု ယေဘုယျအားဖြင့် ဆိုချင်ပါသည်။ ပညာဟူသည်၏အခြေခံသဘောထားကိုက မှားမှန် ကောင်းဆိုးကို ခွဲခြားပိုင်းဖြတ် သိမြင်နိုင်ခြင်းကို ဆိုလိုသည်ဟု နားလည်ပါသည်။


မှားမှန်ကောင်းဆိုး ဆိုသည်ကလည်း မိမိရှင်သန်နေထိုင်ရာ လောကလူမှုအဖွဲ့အစည်းအတွက် မည်သည်က ကောင်းသည်၊ မည်သည်က ဆိုးသည်၊မည်သည့်အယူအဆက တရားမျှတသည်၊ မည်သည့်အယူအဆက မတရားမှုအဓမ္မဖြစ်သည်၊ မည်သည့်အကြံအစည်က လူမှုအဖွဲ့အစည်းကို တိုးတက်ထွန်းကားစေမည်၊ မည်သည့်အစီအမံများက လူမှုအဖွဲ့အစည်းကို ထိခိုက်ဆုတ်ယုတ်စေမည်၊ မည်သည့်လုပ်ရပ်က လူမှုအဖွဲ့အစည်း၏ သာယာငြိမ်းချမ်းမှုကို အထောက်အပံ့ဖြစ်မည်၊ မည်သည့်အလုပ်မျိုးက လူမှုအဖွဲ့အစည်းကို ပျက်စီးနစ်နာစေမည် စသည်တို့ကို အသေအချာနားလည်ခြင်းဖြစ်ပါသည်။


သည်လို ကောင်း၏၊ ဆိုး၏၊ သင့်၏၊ မသင့်၏၊ မှား၏၊ မမှား၏ စသည်တို့ကို ပိုင်းခြားဆန်းစစ်နိုင်သည့် ပညာတတ်များ ပေါ်ထွန်းရေးအတွက်နိုင်ငံ၏ ပညာရေးစနစ်ကို အကျအနပြင်ဆင်ကာ မူလတန်းမှစကာ ကောလိပ်များ၊ တက္ကသိုလ်များအထိ သင်ကြားရေးဌာနများဖြင့်ဆောင်ရွက်ကြ၏။


ထို့ကြောင့် နိုင်ငံ၏ တိုးတက်ထွန်းကားမှုကို အရင်းစစ်လိုက်လျှင်ယင်းပညာသင်ကြားရေးဌာနများ၏ အခန်းကဏ္ဍက အလွန်ပင်အရေးကြီးကြောင်း တွေ့ရမည်ဖြစ်ပါ၏။ ပညာသင်ကြားရေးဌာနများကို ခေါင်းဆောင်နေကြသော ပညာရေးဝန်ထမ်းများနှင့် ကျောင်းဆရာများ၏အခန်းကဏ္ဍဆိုသည်ကလည်း ထိပ်ဆုံးတန်းမှာ အရေးပါလှကြောင်းကိုသိကြပါမည်။


အာစရိယဂုဏောဟူသည် အထူးပင် အလေးထားအပ်သောဂုဏ်အဖြစ် မြန်မာ့အစဉ်အလာယဉ်ကျေးမှုက အသိအမှတ်ပြု ထားပါသည်။ အထူးသဖြင့် လူ့ဘဝအစမှာ စတင်လေ့လာသင်ယူရသည့်ကလေးများအတွက် မူလတန်းပြဆရာတို့၏ တာဝန်နှင့် စွမ်းပကားမှာမည်မျှလောက် အလေးအနက်ပြုအပ်သည်ကို သတိပြုသင့်ပါသည်။ကလေးများသိသင့် သိအပ်သည်တို့ကို သင်ကြားပြသနိုင်သော ပညာ အရည်အသွေးတို့သာမက ကိုယ်ကျင့်သိက္ခာ အမူအကျင့်တို့ကအစနမူနာပြ ဖြစ်နေကြသည်ကို ချင့်ချိန် သိရှိနိုင်ကြမည်ဟု မြင်ပါသည်။မူလတန်းဆရာများသည် အနာဂတ်မှာ လူကြီးလူကောင်းများ ဖြစ်လာကြမည့် ကလေးငယ်တို့အတွက် စံပြပုဂ္ဂိုလ်များ၊ ဘဝအမြင်ဆိုင်ရာ သူရဲကောင်းများဖြစ်ပါသည်။


ထို့ကြောင့်ပင် ဤကဲ့သို့သော စံပြပုဂ္ဂိုလ်များ၊ သူရဲကောင်းများပေါ်ထွက်ရေးကလည်း အရေးကြီးလှပါသည်။ ဆရာကောင်းများရှိပါမှအနာဂတ် လူကြီးလူကောင်းများ လူတော်လူထက်များ အမှားအမှန်ကို ခွဲခြားပိုင်းဖြတ်တတ်သော ပညာတတ်များရှိလာမည် မဟုတ်ပါလား။


ကျောင်းသားတို့အတွက် စံပြုထိုက်သော သူရဲကောင်းဆရာများပေါ်ထွက်ရေးကို အားပေးသည့် နည်းလမ်းများ အစီအမံများကို အထူးဂရုပြု ချမှတ်ဆောင်ရွက်ခြင်းအားဖြင့်သာ ငြိမ်းချမ်းသော အနာဂတ်လူမှုအဖွဲ့အစည်းကို မြင်တွေ့ရမည်ဟု ယုံကြည်ပါသည်။ ။


မြန်မာ့အလင်း