မြန်မာနိုင်ငံသည် စိုက်ပျိုးရေးကို အခြေခံသော နိုင်ငံဖြစ်သည်။ နိုင်ငံ၏ဧရိယာ ၇ဝ ရာခိုင်နှုန်းသည် ကျေးလက်ဒေသများဖြစ်ပြီး စိုက်ပျိုးရေး လုပ်ငန်းများဖြင့် အသက်မွေးဝမ်းကျောင်းပြုကြသည်။ ရှေးအစဉ် အဆက်က မြန်မာနိုင်ငံ၌ လယ်ယာစီးပွားဖြင့် လူမှုဘဝတိုးတက် ကောင်းမွန်ခဲ့သည်။ လယ်ယာလုပ်ငန်းပြီးလျှင် အလှူအတန်း၊ ကောင်းမှု ကုသိုလ်များဖြင့် ချမ်းမြေ့ပျော်ရွှင်ဖွယ်ရှိခဲ့သည်။
နောက်ပိုင်းကာလတွင် ရာသီဥတုဖောက်ပြန်မှု၊ သဘာဝဘေးဒဏ် ခံရမှု၊ သီးနှံဈေးကွက်မတည်ငြိမ်မှု၊ သီးနှံဖြစ်ထွန်းမှု၊ ပျက်စီးမှု စသည့် နောက်ဆက်တွဲအကြောင်းအမျိုးမျိုးတို့ကြောင့် စိုက်ပျိုးစီးပွား လုပ်ငန်းများ ထိခိုက်နစ်နာမှုများရှိလာခဲ့သဖြင့် လယ်ယာလုပ်ငန်းခွင်၊ လယ်ယာစီးပွား မတည်ငြိမ်မှုများနှင့် ကြုံတွေ့လာသည်ကို မြင်တွေ့ ရမည်ဖြစ်သည်။ ထို့ကြောင့် နိုင်ငံအတွက် အဓိကကျသည့် စီးပွားရေး မဏ္ဍိုင် မထိခိုက်စေရေးအတွက် နိုင်ငံတော်အစိုးရ၏ ကူညီထောက်ပံ့မှုဖြင့် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရသည်။
တောင်သူလယ်သမား ဦးကြီးများ၏ လယ်ယာလုပ်ငန်းခွင်တွင် အစဉ်အဆက် အနှောင့်အယှက်ပေးနိုင်သည့်အချက်မှာ သီးနှံဖျက်၊ လယ်ယာဖျက် ပိုးမွှားအ္တရာယ်ဖြစ်သည်။ လယ်ယာဖျက်ပိုးအမျိုးမျိုး ရှိသည့်အနက် လတ်တလောတွင် ငမြှောင်တောင်ဖျက်ပိုး ကျရောက် မှုကို တောင်သူလယ်သမားများ ကြုံတွေ့နေရသဖြင့် ယင်းကိုအချိန်မီ ဝိုင်းဝန်းတားဆီးကာကွယ်ပေးကြရမည် ဖြစ်သည်။
ငမြှောင်တောင်ပိုးဆိုသည်မှာ ဥမှပေါက်သော ပိုးလောက်ကောင် သည် အရွက်အစိမ်းသားများကို ခြစ်စားရာမှ အကောင်ကြီးလာသော် အပင်အစိတ်အပိုင်းများကို အပင်ငုတ်တိုကျန်အောင် ဆက်လက် ကိုက်ဖြတ် စားသောက်သော ပိုးမွှားကောင် ဖြစ်သည်။ ငမြှောင်တောင်ပိုး သည် သီးနှံဖျက်ပိုးများတွင် ကြောက်မက်ဖွယ်ကောင်းသော ပိုးမွှား တစ်မျိုးဖြစ်ပြီး ၄င်းတို့ကိုက်ဖြတ်ခြင်းခံရသည့် အပင်များမှာ နွားစား ထားသကဲ့သို့၊ တံစဉ်ဖြင့် ရိတ်ထားသကဲ့သို့ တွေ့ရလေသည်။
ယခုလက်ရှိတွင် ဖြစ်ပွားမှုအမြန်ဆုံး ဖော+ငမြှောင်တောင်ပိုး ကျရောက်မှုမှာ ဧရာဝတီတိုင်းဒေသကြီး၌ အများဆုံးဖြစ်နေသည်ဟု သိရသည်။ ထို့ကြောင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာနက ဆေးဖျန်းပုံးများ ကူညီပံ့ပိုးပေးပြီး ပက်ဖျန်းဆေးများ၊ နည်းပညာပစ္စည်းများကို စိုက်ပျိုးရေးကုမ္ပဏီအချို့၏ ကူညီပံ့ပိုးမှုဖြင့် တောင်သူလယ်သမားများ ဝိုင်းဝန်းကာကွယ် တားဆီးနေကြသည်။
အဆိုပါပိုးမှာ ၂ဝ၁၆ ခုနှစ်က အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ တို့တွင် ကျရောက်ခဲ့ပြီး ယခုနှစ်တွင် မြန်မာနိုင်ငံဘက်သို့ ကူးလာခြင်း ဖြစ်သည်။ ပြီးခဲ့သည့် ဒီဇင်ဘာလက မြင်းခြံမြို့နယ်တွင် ကျရောက်ခဲ့ပြီး ယခု ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ လယ်ယာဧကတစ်သိန်း ကျော်တွင် တွေ့ရှိခြင်းဖြစ်သည်။ ယခုပိုးမွှားသည် ပြောင်းပင်များတွင် ကျရောက်ခြင်းဖြစ်ပြီး အဖျက်စွမ်းအားမှာ ယခင်ကြုံဖူးသည်ထက် မြန်ဆန်နေသဖြင့် ယခုထက် ပိုမိုကျယ်ပြန့်လာခြင်းမရှိစေရန် ဝိုင်းဝန်း ပူးပေါင်း တိုက်ဖျက်သွားရမည်ဖြစ်သည်။
ထို့ကြောင့် ပိုးမွှား၏ထူးခြားချက်ကို သိထားသင့်သည်။ ပိုးလောက် ကောင်များသည် နံနက်စောစောနှင့် ညအချိန်များတွင် အပင်ကို ဖျက်ဆီးပြီး နေ့အချိန်များတွင် မြေကြီးထယ်ခဲများအောက်၌ ခိုအောင်း နေလေ့ရှိသည်။ ကာကွယ်နှိမ်နင်းနည်းမှာ ပေါင်းမြက်များကို ရှင်းလင်း ရန်၊ ထယ်ထိုးမြေလှန်၍ ကန်သင်းပါရှပ်ရန်၊ ဥမြုံများနှင့်ပိုးလောက် ကောင်များကို ဖျက်ဆီးရန်၊ မီးထောင်ချောက်ထွန်း၍ ဖလံများကို ဖမ်းယူရန်နှင့် ဥကပ်ပါး နကျယ်တို့ကို လွှတ်ပေးနိုင်ရန် ဖြစ်သည်။ နံနက်နှင့် ညနေပိုင်းတွင် ထိသေ စားသေဆေးများကို ထိရောက်စွာ ပက်ဖျန်းပေးကြရန် အသိပေးအပ်ပါသည်။
သို့ဖြစ်ရာ တောင်သူလယ်သမားဦးကြီးများ၏ စိုက်ပျိုးစွမ်းအား များကို ထိခိုက်ဖျက်ဆီးစေနိုင်ပြီး စိုက်ပျိုးထုတ်ကုန်ထွက်ရှိမှုများ ကျဆင်းစေနိုင်သည့် အဖျက်မြန်သော ယခုကဲ့သို့ ငမြှောင်တောင်ပိုး ကျရောက်မှုကို သက်ဆိုင်ရာဌာနများနှင့် လက်တွဲပူးပေါင်းဆောင်ရွက်ပြီး မြန်မြန်ဆန်ဆန် တိုက်ဖျက်နှိမ်နင်းကြရန် တိုက်တွန်းအပ်ပါသည်။ သို့မှသာ စိုက်ပျိုးစီးပွား မထိခိုက်ဘဲ တောင်သူလယ်သမားများနှင့် စားသုံးသူပြည်သူများ အဆင်ပြေမည်ဖြစ်ပါကြောင်း။ ။
ကြေးမုံ