မလှိုင် ၂၆ ဇန်နဝါရီ
အပြည်ပြည်ဆိုင်ရာ အမြန်ချောပို့ ( EMS International )ကောင်တာ နှင့် ပြည်ပချောထုပ် (Export) ကောင်တာခွဲ လုပ်ငန်းကို မြန်မာ့စာတိုက်လုပ်ငန်း၊ မန္တလေးတိုင်းဒေသကြီး၊ မလှိုင်စာတိုက်တွင် ဆောင်ရွက်ပေးနေပြီဖြစ်ကြောင်း မလှိုင်စာတိုက်မှူးထံမှ သိရှိရသည်။
မလှိုင်မြို့နယ် စာတိုက်တွင် ယခင်က ပြည်တွင်း/ ပြည်ပ ရိုးရိုးချောစာပို့လုပ်ငန်း၊ ပြည်တွင်းအမြန်ချောပို့လုပ်ငန်းများနှင့် မြန်မာ့လေကြောင်းလိုင်း ပြည်တွင်း၊ ပြည်ပ လက်မှတ်များ ရောင်းချခြင်းကိုသာ ဆောင်ရွက်ပေးလျှက်ရှိရာ ဒေသခံပြည်သူများမှ ပြည်ပနိုင်ငံများသို့ ပစ္စည်းများ ပေးပို့လိုသည့် တောင်းဆိုမှုများ ရှိလာသဖြင့် အပြည်ပြည်ဆိုင်ရာ အမြန်ချောပို့ (EMS International) ကောင်တာနှင့် ပြည်ပချောထုပ်(Export) ကောင်တာခွဲလုပ်ငန်းအား ဇန်နဝါရီ ၁၆ ရက်နေ့မှ စတင်ဆောင်ရွက်ခွင့်ပြုထားကြောင်း သိရသည်။
မြန်မာ့စာတိုက်လုပ်ငန်း၊ မလှိုင်စာတိုက် ပြည်ပချောထုပ်( Export )ကောင်တာခွဲ လုပ်ငန်းမှ ပြည်ပ နိုင်ငံပေါင်း (၁၀၂) နိုင်ငံကို ပစ္စည်းများ ပေးပို့သွားနိုင်မည်ဖြစ်သည်။ ပြည်ပနိုင်ငံ(၁၀၂) နိုင်ငံကို ( A to H )ထိ ဇုန်(၈)ခု ထိခွဲခြားထားပြီး ဝန်ဆောင်ခနှုန်းထားများကို သတ်မှတ်ထားသော ဇုန်အလိုက် ပေးဆောင်ရမည်ဖြစ်သည်။ ပစ္စည်းပေးပို့ရာတွင်ချောထုပ် တစ်ခုလျှင် (0.5 ) Kg မှ (20) Kg ထိ မြန်မာ့စာတိုက်လုပ်ငန်း၊ မလှိုင်စာတိုက် ပြည်ပချောထုပ်( Export )ကောင်တာခွဲ လုပ်ငန်းမှပေးပို့နိုင်ပြီ ဖြစ်ကြောင်း သိရသည်။
အောင်ဌေး(မလှိုင်)