မန္တလေး ၂၆ ဇန်နဝါရီ
အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်(မန္တလေး)မှ အိမ်ရှင်အဖြစ်လက်ခံ၍ လန်ချန်း-မဲခေါင် ဒေသအတွင်းရှိ နိုင်ငံ(၆)နိုင်ငံမှ အနုပညာရှင်များ ချစ်ကြည်ရင်းနှီးမှု ရရှိစေရန်၊ အချင်းချင်းအပြန်အလှန် ပူးပေါင်းတတ်စေရန် ရည်ရွယ်ပြီး ဇန်နဝါရီ ၂၇ ရက် မှ ဇန်နဝါရီ ၃၁ ရက်ထိ အနုပညာရှင်လူငယ်များ တွေ့ဆုံပွဲကို မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်ရှိ ရွှေပြည်သာ ဟိုတယ်တွင် ကျင်းပသွားမည် ဖြစ်ကြောင်း အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်(မန္တလေး) မှ သိရသည်။
လန်ချန်း-မဲခေါင် ဒေသအတွင်းရှိ မြန်မာ၊ တရုတ်၊ ကမ္ဘောဒီးယား၊ လာအို၊ ထိုင်းနှင့် ဗီယက်နမ်နိုင်ငံတို့မှ လူငယ်အနုပညာရှင် တွေ့ဆုံပွဲတွင် “ လျန်ချန်း-မဲခေါင် ဒေသတွင်းရှိ အဖွဲ့ဝင်နိုင်ငံများမှ ရိုးရာယဉ်ကျေးမှုများနှင့် အနုပညာရပ်များထိန်းသိမ်းရေး’’ စာတမ်းများ နိုင်ငံအလိုက်ဖတ်ကြားခြင်း၊ အဖွဲ့ခွဲ၍ ပန်းချီများရေးဆွဲခြင်း၊ ဒေသထွက် ရိုးရာလက်မှုပညာအရုပ်များ ဖန်တီးပြုလုပ်ခြင်း၊ စုပေါင်းသီချင်းရေးသားစပ်ဆိုခြင်းနှင့် စုပေါင်းအက လေ့ကျင့်ခြင်း၊ နိုင်ငံအလိုက်ဖျော်ဖြေပွဲများအတွက် ဇာတ်တိုက်လေ့ကျင့်ခြင်း၊ နိုင်ငံအလိုက်ရိုးရာယဉ်ကျေးမှုများ ခင်းကျင်းပြသရောင်းချခြင်း၊ Theme Song နှင့် စုပေါင်းဖျော်ဖြေတင်ဆက်ခြင်း အစရှိသော ကဏ္ဍများနှင့် အခြားအစီအစဉ်များလည်း ပါဝင်ကြောင်း အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(မန္တလေး) မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။
သန်းဇော်မင်း(ပြန်/ဆက်)