ဝါးခယ်မ  ၂၆  ဇန်နဝါရီ 

 

ဧရာဝတီတိုင်းဒေသကြီး မြောင်းမြခရိုင် ဝါးခယ်မမြို့နယ်ရှိ ဝါးခယ်မကြိုးတံတားအား ဇန်နဝါရီ ၉ ရက်နေ့မှ စကာ ပြင်ဆင်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပြီး ဒေသခံပြည်သူများ အနေဖြင့် ဆက်သွယ်သွားလာမှု အဆင်ပြေချောမွေ့စေရေးအတွက်  ပြည်တွင်းရေကြောင်းပို့ဆောင်ရေးမှ ဇက်ရေယာဉ် တစ်စီးဖြင့် ပြေးဆွဲပေးလျက်ရှိသည်။

 

ယင်းသို့ ဆောင်ရွက်နေမှုအပေါ် ကုန်စည်စီးဆင်းမှု၊ ဒေသခံပြည်သူများ၏ ပညာရေး၊ ကျန်းမာရေး စသည့် ကိစ္စရပ်များအတွက် သွားလာမှု ပိုမို အဆင်ပြေ ချောမွေ့စေရန် ဇက်ရေယာဉ် နှစ်စီးဖြင့် ပြေးဆွဲပေးနိုင်ရန် ဒေသခံများအနေဖြင့် လိုလားလျက်ရှိသည်။

 

" ဇက်ရေယာဉ် တစ်စီးတည်းကျတော့ အဓိက အချိန်ကြာတာပေါ့။ တစ်ခေါက် တစ်ခေါက်ဆို တစ် နာရီဝန်းကျင်လောက် စောင့်ရတယ်။ ဒါကလည်း ကားတွေ၊ ဆိုင်ကယ်တွေ၊ လူတွေ အတက်အဆင်းနဲ့ ကြာတာဖြစ်တယ်။ အမှန်ဆို ဇက် နှစ်စီးနဲ့ ပြေးဆွဲပေးရင် ပိုကောင်းတာပေါ့။ စောင့်ရတဲ့ အချိန် သက်သာမယ်။ ကျန်းမာရေးမကောင်းတဲ့ သူတွေအတွက်လည်း ပိုအဆင်ပြေတာပေါ့။ မဟုတ်ရင် ဇက်ကို စောင့်ရတာနဲ့ စိုးရိမ်စရာ ဖြစ်တာပေါ့ " ဟု ဒေသခံများကပြောသည်။

 

" ဇက် ရေယာဉ် တစ်စီးတည်းကျတော့ အကယ်၍ စက်ချို့ယွင်းမှု ဖြစ်ခဲ့ရင် ကုန်စည်စီးဆင်းမှု လုံးဝ ပြတ်တောက်သွားမယ်။ ကုန်ဈေးနှုန်းတွေ ထိုးတက်သွားနိုင်တယ်။ ကားအဝင်၊ အထွက်တွေ ပိတ်ဆို့ကုန်မယ်။ကျန်းမာရေးကြောင့် အရေးပေါ်လူနာတွေအတွက် အများကြီး ထည့်စဉ်းစားဖို့ လိုတယ်။ ဇက် နှစ်စီးနဲ့ ပြေးဆွဲပေးနိုင်ရင် ပြည်သူတွေ သွားလာမှု ပိုမြန်ဆန်မယ်၊ ကျောင်းသား၊ ကျောင်းသူတွေ အတွက်လဲ အဆင်ပြေတာပေါ့။ သက်ဆိုင်ရာ တာဝန်ရှိသူတွေ အနေ့နဲ့လဲ ဒါကို ခွင့်ပြုပေးမယ်ဆိုရင် ပြည်သူတွေအတွက် ဝမ်းသာရမှာပါ " ဟု ဒေသခံပြည်သူ ဦးမျိုးမင်းအောင်က ပြောသည်။

 

လွှမ်းသီဟ (ပြန်/ဆက်)

 

IMG_201