ဓနုဖြူ ၂၆ ဇန်နဝါရီ
ဓနုဖြူမြို့နယ်၊ နန်းတော်ကုန်းကျေးရွာအုပ်စု၊ ပေါက်တောကျေးရွာ၊ ဓနုဖြူ -ရန်ကုန်ကားလမ်းမ၊ မိုင်တိုင် (၁၅/၆)နှင့် (၁၅/၇)ကြားတွင် ဇန်နဝါရီ ၂၅ ရက် ညနေ ၄ နာရီခွဲခန့်က ယာဉ်သုံးစီးတိုက်မှုဖြစ်ပွားခဲ့သည်။
ဖြစ်စဉ်မှာ စက္ကော့ကျေးရွာဘက်မှ ယာဉ်မောင်း အောင်ဘိုဘိုဦး မောင်းနှင်လာသော ခရီးသည်တင်မှန်လုံမော်တော်ယာဉ်သည် ရှေ့ရှိ ရဲနောင် မောင်းနှင်သော အပြာရောင် မြေသယ် မော်တော်ယာဉ်အားကျော်တက်စဉ် မျက်နှာချင်းဆိုင်ရှေ့မှလာသော ကုန်တင်ယာဉ် ဝင်လာသဖြင့် လမ်း ယာဘက်သို့ သတ်မှတ်အချက်ပြမီးများ မပြဘဲ ရုတ်တရက်ချိုးကွေးပြီး ဘရိတ်အုပ်ခဲ့သဖြင့် နောက်တွင်ပါလာသော မြေသယ် ယာဉ်မှ မှန်လုံးယာဉ်အား တိုက်မိမည်စိုးရိမ်သဖြင့် တစ်ဖက်ယာဉ်ကြောသို့ တိမ်းရှောင်လိုက်စဉ် မျက်နှာချင်းဆိုင်လာသော ကုန်တင်ယာဉ်၏ ရှေ့ဝဲဘက်ခြမ်းအားတိုက်မိခဲ့ခြင်းဖြစ်သည်။
ဖြစ်စဉ်တွင် ခရီးသည်တင် မှန်လုံယာဉ်ပေါ်ပါ တစ်ဦးနှင့် မြေသယ် ယာဉ်ပေါ်ပါ (၂)ဦးတို့တွင် မစိုးရိမ်ရ ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။ ယာဉ်ကိုမဆင်မခြင်မောင်းနှင်သူများအား ဓနုဖြူမြို့မ ရဲစခန်းမှ အမှုဖွင့်အရေးယူသည်။
အောင်သူဟိဏ်း(ဓနုဖြူ)
