ပေါင် ၂၆  ဇန်နဝါရီ 

 

သထုံခရိုင် ပေါင်မြို့ ပေါင်းရပ်ကွက် ဝင်းခလုံးလမ်းထိပ် ရန်ကုန်-မော်လမြိုင်ကားလမ်းတွင် ဇန်နဝါရီ ၂၆ ရက် နံနက် ၅ နာရီခွဲက ယာဉ်ပျက်၍ ကားလမ်းဘေး၌ရပ်တန့်ထားသော ယာဉ်တစ်စီးအား အခြားမော်တော်ယာဉ်တစ်စီးမှ ဝင်ရောက် တိုက်မိခဲ့ရာ နှစ်ဘက်ယာဉ်ပေါ်ပါသူ ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း မြို့မရဲစခန်းမှ သိရသည်။

 

သထုံမြို့ဘက်မှ မော်လမြိုင်မြို့ဘက်သို့ ယာဉ်မောင်း ဦးထွန်းအေး မောင်းနှင်ပြီး ယာဉ်ပေါ်တွင်ခရီးသည် ဒေါ်မာချို တို့လိုက်ပါစီးနင်းလာသည့် မော်တော်ယာဉ်သည် ယာဉ်ပျက်၍ လမ်းဘေးရပ်တန့်ထားစဉ် ရန်ကုန်ဘက်မှ မော်လမြိုင်ဘက်သို့ ယာဉ်မောင်း ဦးဝင်းကို မောင်းနှင်ပြီး ယာဉ်ပေါ်တွင် မောင်ဇော်ဇော်နိုင် ၂၇ နှစ်၊ ကိုစိုးမင်း ၂၃ နှစ်၊ အောင်ကိုကို ၂၀ နှစ် ရန်ကုန်တိုင်းဒေသကြီးနေထိုင်သူတို့ လိုက်ပါစီးနင်းလာသော မော်တော်ယာဉ်မှာ အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးရပ်တန့်ထားသော ယာဉ်အားနောက်မှ ဝင်ရောက်တိုက်မိသဖြင့် ဦးဝင်းကိုတွင် ယာခြေသလုံးကျိုး ဒဏ်ရာ(အတွင်းလူနာ)အပါအဝင် နှစ်ဘက်ယာဉ်ပေါ်ပါသူ ၄ ဦး ထိခိုက်ဒဏ်ရာများ အသီးသီးရရှိခဲ့သဖြင့် ပေါင်မြို့ပြည်သူ့ ဆေးရုံသို့ ပို့ဆောင်ထားကြောင်း သိရသည်။

 

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ရပ်တန့်ထားသောယာဉ်အား နောက်မှဝင်တိုက်မိသော ယာဉ်မောင်း ဦးဝင်းကိုအား ပေါင်မြို့မရဲစခန်းမှ ဥပဒေအရ စစ်ဆေးဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။

 

ကိုဟိန်း(ပေါင်)