ရန်ကုန် ၂၆ ဇန်နဝါရီ
ရန်ကုန်တိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့ ကုန်စည်စီးဆင်းရာ တံခါးပေါက်ကြီးတစ်ခုဖြစ်သော လှိုင်သာယာနှင့် မရမ်းကုန်းမြို့နယ်အား ဆက်သွယ်ထားသည့် အမှတ်(၁)ဘုရင့်နောင် တံတားကြီးမှာ သက်တမ်း(၂၅)နှစ်သက်တမ်းရှိပြီဖြစ်ရာ ရေလည်တိုင်(၄)ခုနှင့် ကမ်းကပ်ခုံ(၂)ခု၏ သံပေါင်အထိုင်ဗယ်ဒင်များ အစားထိုးဆောင်ရွက်နိုင်ရန် အဆိုပါရေလည်တိုင်များအား ငြမ်းဆင်ခြင်းလုပ်ငန်းကို ဆောင်လုပ်ရေးဝန်ကြီးဌာန တံတားအထူး အဖွဲ့(၁၀) (တံတားဦးစီး)မှ ဆောင်ရွက်နေကြောင်း သိရသည်။
လှိုင်သာယာမြို့သစ် တည်ချိန်တွင် လှိုင်မြစ်ကူးတံတားကြီးအဖြစ် ပထမဆုံးစတင်တည်ဆော က်ခဲ့သော အမှတ်(၁) ဘုရင့်နောင်တံတားကြီးကို (၁၉၉၄) ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့ပြီး ဧရာဝတီမြစ် ဝကျွန်းပေါ်မှ ထွက်ကုန်များနှင့် ရန်ကုန်တိုင်းဒေသကြီးမှ ထွက်ကုန်များအတွက် စီးပွားရေးဗျူဟာအရ အရေးပါသော တံတားတစ်စင်းအဖြစ် အကျိုးပြုခဲ့သော တံတားတစ်စင်းဖြစ်ရာ ယနေ့တိုင် လှိုင်မြစ်ကူးတံတားကြီး(၄)စင်းတွင် ရန်ကုန်မြို့သို့ တစ်လမ်းသွားတံတားကြီးတစ်စင်းအဖြစ် ပြည်သူကိုအကျိုးပြုလျက်ရှိသည်။
“ဒီတံတားကြီးရဲ့ရေလည်တိုင်နဲ့ ကမ်းကပ်ခုံတွေအထိုင်ဗယ်ဒင်တွေကို အစားထိုးတပ်ဆင်မှာပါ။ အဲ့ဒိပစ္စည်းတွေကို မလေးရှားနိုင်ငံကကူညီပံ့ပိုးဖို့ ကမ်းလှမ်းထားတာကြောင့် ဒီလကုန်တာနဲ့ အဲ့ဒီနိုင် ငံကပညာရှင်တွေလာကြည့်ပြီး ဘယ်လိုပစ္စည်းတွေနဲ့ အစားထိုးမယ်ဆိုတာလေ့လာမှာဖြစ်တဲ့အတွ က်ရေလည်တိုင်နဲ့ကမ်းကပ်ခုံတွေကို ငြမ်းဆင်တဲ့လုပ်ငန်းတွေကို ကြိုတင်ပြင်ဆင်နေတာပါ”ဟု တံ တားအထူးအဖွဲ့(၁၀)မှ ဒုတိယညွှန်ကြားရေးမှုးဦးမြင့်ဝင်းက ပြောသည်။
ရန်ကုန်မြို့ဝင်မြစ်ကူးတံတားကြီး(၄)စင်းတွင် မဟာဗျူဟာကျသော ရန်ကုန်-ပုသိမ်ကားလမ်းအတွက် အမှတ်(၁)ဘုရင့်နောင် တံတားကြီးကို စတင်တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး အောင်ဇေယျကြိုးတံတားနှင့် ရွှေပြည်သာတံတားတို့ကို တစ်ပြိုင်တည်းတည်ဆောက်ခဲ့ကာ အမှတ်(၂)ဘုရင့်နောင်တံတားကို နောက်ဆုံးတည်ဆောက်ခဲ့ခြင်းဖြစ်သည်။
အဆိုပါ တံတားကြီး(၄)စင်းပေါ်မှ နေ့စဉ်ယာဉ်များဖြတ်သန်းသွားလာလျက်ရှိပြီး တိုင်းဒေသကြီး နှစ်ခုတွင် ယာဉ်သွားလာမှုတစ်နှစ်ထက် တစ်နှစ်တိုးများလာသောကြောင့် မဟာဗျူဟာအရ အရေးပါသော ထိုတံတားကြီး(၄)စင်းမှ ပို၍အရေးပါလာလျက်ရှိရာ တံတားကြီးများ ကြံ့ခိုင်ရေးနှင့်ပြုပြင်မွန်းမံမှုကို ဆောက်လုပ်ရေးဝန်ကြီးဌာနရှိ သက်ဆိုင်ရာ တံတားအထူးအဖွဲ့(ရန်ကုန်)များက တာဝန်ယူဆောင်ရွက်လျက်ရှိ၍ ဦးစွာ(၂၅)နှစ်ကြာ သက်တမ်းရှိပြီဖြစ်သော အမှတ်(၁) ဘုရင့်နောင်တံတားကြီး၏ ရေလည်တိုင် အထိုင်ဗယ်ဒင်များကို အစားထိုးဆောင်ရွက်ခြင်း ဖြစ်ကြောင်း သိရသည်။
သန်းထိုက်
ဓာတ်ပုံ - သန်းစိုး