မသော်တာ (ရှေး/ သု)
ဂေါတမမြတ်စွာဘုရားရှင်သည် မဟာ သက္ကရာဇ် ၁၀၃ ခု ဘီစီ ၅၂၈ တွင် မဇ္ဈိမဒေသ ကပိလဝတ်ပြည် နေရဉ္ဇရာမြစ်အနီးမှ ဥရုဝေလတောအတွင်းရှိ ဗောဓိညောင်ပင်ရင်း၌ သဗ္ဗညုတ ဉာဏ်တော်မြတ်ရတော်မူပြီး သမ္မာ သဗ္ဗုဒ္ဓ ဘုရားဖြစ်တော်မူခဲ့သည်။ မြတ်စွာဘုရားရှင်၏ ဗုဒ္ဓမြတ်စွာသာသနာတော်သည် ထိုအချိန်မှစ၍ အိမ်နီးချင်းနိုင်ငံဖြစ်သော မြန်မာနိုင်ငံသို့ အနောက်မြောက်မှလည်းကောင်း၊ အနောက်ဘက်မှလည်းကောင်း၊ အနောက်တောင်ဘက်မှလည်းကောင်း စတင်ပျံ့နှံ့ခဲ့လေသည်။ ဗုဒ္ဓသာသနာနှင့်အတူ ဗုဒ္ဓနိမ္မိတ ကိုယ်ပွားကိုးကွယ်မှုသည်လည်း မဇ္ဈိမဒေသမှ စတင်ပေါ်ပေါက်လာခဲ့ပြီး ဗုဒ္ဓဆင်းတုတော်များ အရှေ့တောင်အာရှသို့ ပျံ့နှံ့ခဲ့သည်။
ဗုဒ္ဓဘုရားရှင် ပရိနိဗ္ဗာန်စံဝင်တော်မူပြီးနောက် အစောပိုင်းကာလတွင် ဗုဒ္ဓဘာသာဝင်အပေါင်းတို့က မြတ်စွာဘုရားရှင်အား ရည်မှန်းပူဇော်ကြသည်။ မောရိယခေတ် (ဘီစီ ၃၂၃-ဘီစီ ၁၈၅)၊ သုင်္ဂခေတ် (ဘီစီ ၁၈၅-ဘီစီ ၇၂) နှင့် အန္ဓရခေတ်ဦး (ဘီစီ ၇၂-ဘီစီ ၂၅)တို့တွင် ကိုယ်စားတော် အမှတ်လက္ခဏာများ အဖြစ်လည်းကောင်း၊ စတုသံဝေဇနိယ လေးဌာန ကိုယ်စားပြုသော ဗောဓိပင်၊ ရွှေပလ္လင်နှင့် ဓမ္မစကြာလှည်းဘီးပုံ တို့ကိုလည်းကောင်း ပူဇော်ခဲ့ကြသည်။ ကုသျှန်ခေတ် လက်ရာများကို အိန္ဒိယပြည်အလယ်ပိုင်း ယမုန်နာမြစ် ကမ်းပါးရှိ မထူရာဒေသ၊ အိန္ဒိယပြည် အရှေ့တောင်ပိုင်း ကစ္စနမြစ်ဝအနီးရှိ အမရဝတီဒေသ၊ အိန္ဒိယပြည်အနောက်မြောက်ပိုင်းရှိ ဂန္ဓာရဒေသ၊ အိန္ဒိယပြည်တောင်ပိုင်းရှိ နာဂဇုနကုဏ္ဍဒေသတို့တွင် တွေ့ရှိနိုင်ပါသည်။
ယနေ့ ပါကစ္စတန်နှင့် အာဖဂန်နစ္စတန်နိုင်ငံတို့သည်ရှေးအခါက ဂန္ဓာရတိုင်းဖြစ်ခဲ့သည်။ ဘီစီ ၃၂၆ တွင် ဂရိဘုရင် အလက်ဇန္ဒားသည် အိန္ဒိယအနောက်မြောက်ပိုင်းရှိ ဂန္ဓာရဒေသကို သိမ်းပိုက်စဉ် ဂရိလက်ရာ ဗုဒ္ဓဆင်းတုတော်များကို ထုလုပ်ကြရာ လက်ရာအဆင့်အတန်းမှာ ပြေပြစ်ချောမောမှုနှင့် သဘာဝအကျဆုံး၊ အကောင်းဆုံး လက်ရာများဖြစ်သည်။
အေဒီ ၄ရာစုတွင် စန္ဒြဂုပတ္တားမင်း တည်ထောင်ခဲ့သော ဂုပ္ပတားခေတ်၌ ထုလုပ်ခဲ့သော ဆင်းတုတော်များသည် သန္တိသုခ သာယာချမ်းမြေ့မှု ငြိမ်းအေးမှုတို့ကိုပေါ်လွင်အောင် ထုလုပ်လာသည်။ ဂုပ္ပတားလက်ရာများ ကို ဗုဒ္ဓဂယာ၊ မိဂဒါဝုန်၊ ဂင်္ဂါမြစ်ဝှမ်းဒေသ၊ အမရဝတီ၊ ဘင်္ဂလားနယ်စသော နယ်များအထိ ဂုပ္ပတားခေတ် လက်ရာများကို တွေ့ရှိနိုင်သည်။ သဲကျောက်နှင့် ကြေးဝါကို အသုံးပြု၍ ထုလုပ်ပူဇော်ကြသည်။ အေဒီ ၉ ရာစုတွင် ထုလုပ်ခဲ့သော ပါလခေတ်လက်ရာမှာ သေသပ်ချောမွေ့ကာ လက်ရာအနုစိတ် ထုလုပ်ရာတွင် စံထားလောက်သော ပုံတော်များဖြစ်သည်။ အနက်ရောင် မီးသင့်ကျောက်များကို ချောမွတ်အောင် အရောင်တင် ထုလုပ်နိုင်မှုသည် ပါလခေတ်၏ ထူးခြားမှုဖြစ်သည်။ အိန္ဒိယ၏ ဗုဒ္ဓဆင်းတုတော်ထုလုပ်မှု အတတ်ပညာသည် မြန်မာနိုင်ငံအတွင်းသို့ ပျူခေတ် မှစတင်၍ ဝင်ရောက်လာကာ ပုဂံခေတ်၊ ပင်းယခေတ်၊ အင်းဝခေတ်၊ တောင်ငူခေတ်၊ ညောင်ရမ်းခေတ်၊ ကုန်းဘောင်ခေတ် ခေတ်အဆက်ဆက် မြန်မာပြည်သူများက တည်ထားကိုးကွယ်ခဲ့ကြသည်။ ပုဂံခေတ်တွင် ကြေးသွန်းလက်ရာမှာ စံထားရမည့် လက်ရာဖြစ်သည်။
ပုဂံခေတ်နောက်ပိုင်း အင်းဝခေတ်၌ အင်းဝ-ဟံသာ ဝတီ အနှစ် ၄၀ စစ်ကြောင့် များစွာသော သာသနိက ပစ္စည်းများနှင့် ဆင်းတုတော်များ ပျက်စီးဆုံးရှုံးခဲ့ရာ ကြေးနှင့် ကျောက်ဆင်းတု အနည်းငယ်သာ ရှာဖွေတွေ့ရှိရသည်။ အင်းဝခေတ်တွင် မံဘုရားကို အများအပြား ပြုလုပ်လာကြသည်။ မံဘုရားများကို ရှမ်းပြည်နယ်ဒေသများ၌ ယနေ့တိုင် ဆက်လက်ကိုးကွယ်နေကြသည်။ ပင်းတယမြို့ ကံ့ထောင့်ကျောင်း၊ ရန်အောင်ကျောင်း၊ စေတီကြီးကျောင်းတွင် ရက်စွဲပါ မံဘုရားများ ရှိသည်။ ချင်းတွင်းမြစ် အနောက်ဘက်ကမ်း ဆင်ရှင်ရွာတွင်လည်း မံဘုရား အများအပြား တွေ့ရှိရသည်။ သဲကျောက်ဖြင့်ထုလုပ်သော ပန်းပုရုပ်တုများကို ဖိုလ်ဝင်တောင်တစ်ဝိုက်တွင် တစုတစည်းတည်း အများဆုံး ကိုးကွယ်ခဲ့ကြသည်။ အင်းဝခေတ်နှင့် ရခိုင်မြောက်ဦးခေတ်သည် ခေတ်ပြိုင်ထွန်းကားလာခဲ့ရာ သျှစ်သောင်းပုထိုးတော်ကြီးနှင့် ကိုးသောင်းပုထိုးတော်ကြီး၊ ထုက္ကန်သိမ်တော်ကြီးတို့ရှိ ကျောက်ဆစ်လက်ရာများမှာ အင်းဝခေတ် လက်ရာများနှင့် ပုံသဏ္ဌာန်ချင်း ဆင်တူနေသည်။
စစ်ကိုင်းလေးကျွန်းမာန်အောင်ရှိ စကျင်ကျောက် ဆင်းတုတော်ကြီးနှင့် အင်းဝနေပြည်တော်ရှိ ‘လောကသရဖူ’ဘွဲ့တော် ဆင်းတုတော်ကြီးမှာ ထူးခြားသော ဘုရားများဖြစ်သည်။ ပုဂံဒေသရှိ အာနန္ဒာစေတီတော် အတွင်း အနောက်ဘက် မတ်ရပ်ဆင်းတုတော်ကြီးမှာ ကုန်းဘောင်ခေတ်ဦး အမွေအနှစ်အဖြစ် ဖူးမြော်နိုင်သည်။ ကုန်းဘောင်ခေတ်လယ် အမရပူရခေတ်တွင် ကြာသင်္ကန်းဖြင့် ပူဇော်ကြသည်။ သင်္ကန်းတော်အတွန့်အခေါက်များကို ကြာပွင့်ကြာချပ် ကနုတ်ပန်းသဏ္ဌာန်ဖော်ခဲ့ပြီး ညာဘက်ပခုံးထက်၌ သင်္ကန်းစဖြင့် ဖုံးအုပ်ထားသည်။ ဘိုးတော်မင်းတရား၏ စန္ဒာမုနိရုပ်ပွားတော်၊ ဘကြီးတော်မင်း တည်ထားခဲ့သော မဟာသကျသီဟ ရုပ်ပွားတော်၊ ပုဂံမင်း၏ ကောင်းမှုတော်ဖြစ်သော အမရပူရမြို့ တောင်သမန်တွင် မဟာသကျရံသီ ကျောက်တော်ကြီးဘုရား ရုပ်ပွားတော်တို့မှာ ကြည်ညိုဖွယ်ဖြစ်သည်။
ကုန်းဘောင်ခေတ် မန္တလေးမြို့ မင်းတုန်းမင်း ကုသိုလ်တော်ဖြစ်သော သကျမာရဇိန်ဘွဲ့တော်ရှိ ကျောက်တော်ကြီးဘုရားသည် ရတနာပုံခေတ်၏ ထင်ရှားသော ဆင်းတုတော်ကြီးဖြစ်ပေသည်။ မုံရွာ ဇေတဝန်ဆရာတော်၏ သမန္တစက္ခုဒီပနီကျမ်း၊ ဘဒ္ဒန္တဥတ္တသီရိ၏ သတ္တုပိသုကာကျမ်းနှင့် ဦးရှမ်းဖြူပြုစုသော သတ္တူရူပကဝိလာသနီကျမ်းတို့နှင့်အညီ ဗုဒ္ဓပုံတော်များဖြင့် ကြည်ညိုပူဇော်ခဲ့ကြသည်။ မြန်မာလူမျိုးများသည် ဘာသာတရား ကိုင်းရှိုင်းပြီး ယဉ်ကျေးမှုအစဉ်အလာကောင်းများကို သားစဉ်မြေးဆက် ဆက်ခံထိန်းသိမ်း စောင့်ရှောက်ခဲ့ကြသည်။
ဆိုလိုသည်မှာ မြတ်စွာဘုရားရှင် ပရိနိဗ္ဗာန်စံဝင်တော်မူခဲ့သည်မှာ နှစ်ပေါင်း ၂၆၀ဝ ကျော်ခဲ့ပြီ ဖြစ်သည်။ မြတ်စွာဘုရားရှင်သည် ခန္ဓပရိနိဗ္ဗာန် စံဝင်တော်မူပြီးသော်လည်း ဓာတုပရိနိဗ္ဗာန် စံဝင်တော်မမူသေးသည်ကို အများပြည်သူ သိရှိရန်လိုအပ်သည်။ ဗုဒ္ဓဘုရားရှင် အပြီးတိုင်ပရိနိဗ္ဗာန်စံဝင်တော် မမူသေးသဖြင့် မြတ်စွာဘုရား သက်ရှိထင်ရှား ရှိနေသေးသည်ဟု မှတ်ယူနိုင်သေးသည်။ မြတ်စွာဘုရား ခန္ဓပရိနိဗ္ဗာန် စံဝင်တော်မူစဉ်က ဓာတ်တော်မွေတော်များမှာ ကမ္ဘာအနှံ့ ပျံ့နှံ့ခဲ့သည်ကို မှတ်သားမိကြမည်ဖြစ်သည်။ ထိုဓာတ်တော်မွေတော်တို့ကို ကမ္ဘာတစ်ဝန်းတွင် တည်ထားသော ရုပ်ပွားဆင်းတုတော်တို့တွင် ဌာပနာ ထည့်သွင်း၍ အများပြည်သူတို့ ကြည်ညိုပူဇော်နိုင်ကြလေသည်။
မျက်မှောက်ကာလ ကမ္ဘာတစ်ဝန်းမှ ဗုဒ္ဓဘာသာဝင် အများပြည်သူတို့ မြတ်စွာဘုရားရှင် သက်ရှိထင်ရှား ရှိနေဘိသကဲ့သို့ ကိုးကွယ်ဆည်းကပ်နိုင်သည်မှာ မြတ်စွာဘုရားရှင်၏ ဓာတ်တော်မွေ တော်တို့ကို မပျောက်ပျက်စေဘဲ စေတီဘုရားများ တည်ထားပေးခဲ့သည့် ရှေးမင်းကောင်းမင်းမြတ်များ၊ သာသနာ့ဒါယကာ ဘုရားဒါယကာများက မြတ်စွာဘုရားရှင် ဂုဏ်အင်္ဂါနှင့်အညီ တည်ဆောက်ပေးနိုင်ခဲ့ပြီး ဗိသုကာပညာရှင်များ၏ ကောင်းမှုလည်းပါဝင်သည်။ မျက်မှောက်ကာလ ဝါဆိုလပြည့်နေ့ကဲ့သို့ ဗုဒ္ဓဘုရားရှင်၏ နေ့ထူးနေ့မြတ် အခါသမယနေ့များတွင် ဗုဒ္ဓဘာသာဝင်အပေါင်းတို့က ရှေးရှေးစေတီဘုရားများတွင် ကြည်ညိုသဒ္ဓါပွားများ ကုသိုလ်ယူနိုင်သည့် ကောင်းမှုများ ကမ္ဘာဆုံးတိုင် တိုးပွားနိုင်ရေးအတွက် ရှေးဟောင်းစေတီဘုရား ရုပ်ပွားဆင်းတုတော်များ မပျက်စီးအောင် ဝိုင်းဝန်းထိန်းသိမ်း စောင့်ရှောက်ကြရန် လေးစားစွာဖြင့် ရေးသားတင်ပြလိုက်ပါသည်။ ။
ကျမ်းကိုးစာရင်း
၁။ မောင်မောင်တင်၊ ဦး ခေတ်အဆက်ဆက်၌ ကိုးကွယ်ကြသော ဗုဒ္ဓရုပ်ပွားဆင်းတုတော်များ ဉာဏ်လင်းဓမ္မစာပဒေသာ၊ ၁၉၈၂
၂။ မြင့်စံ၊ ဦးသမိုင်းဝင်ပုံသဏ္ဌာန် တင်ကျန်ခဲ့သော မြန်မာ့ပန်းပုလက်ရာ စာတမ်း (ပန်းပုပညာဌာန၊ အမျိုးသား ယဉ်ကျေးမှု့နှင့်အနုပညာ တက္ကသိုလ်)
၃။ သန်းထွန်း၊ ဒေါက်တာမံဘုရား၊ ခေတ်ဆန်းဂျာနယ်
၄။ သန်းထွန်း၊ မော်လမြိုင် ခေတ်သမိုင်းအခြေပြု ဗုဒ္ဓဆင်းတုတော်များ၊ ပြည့်စုံပုံနှိပ်တိုက်
၅။ တင်ရွှေ၊ ဆရာဝန် မြတ်ဗုဒ္ဓသာသနာပုံတော်သမိုင်း၊ တင်ရွှေစာပေ၊ ၁၉၉၀
၆။ စပ်ထွန်းမှတ်ဝင်း မြန်မာ့ရိုးရာ ပဋိမာသိပ္ပံပညာ၊ သာသနာရေးဦးစီးဌာန
၇။ Than Tun, Dr Buddhist Art and Architecture
၈။ Tin Hla Thaw, U The Development of the Buddha Images in Burma, Thesis for the Degree of Master of Arts, May 1963
ကြေးမုံ