ရန်ကုန် ၂၆ ဇန်နဝါရီ 


သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုနှင့် တာဝန်ရှိသူများသည် ယနေ့ မွန်းလွဲ ၁ နာရီခွဲတွင် ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ် ကမ္ဘာအေးကုန်းမြေရှိ ဆဋ္ဌသင်္ဂါယနာတင် မဟာပါသာဏလိုဏ်ဂူ သိမ်တော်ကြီး၌ ကျင်းပလျက်ရှိသည့်  (၇၁)ကြိမ်မြောက် တိပိဋကဓရ တိပိဋကကောဝိဒ ရွေးချယ်ရေး စာမေးပွဲသို့ သွားရောက်၍ တိပိဋကဓရ တိပိဋကကောဝိဒ ရွေးချယ်ရေးစာမေးပွဲ သြဝါဒါစရိယ ဆရာတော်ကြီးများ၊ စာမေးပွဲကြီးကြပ် ဆရာတော်များ၊ စာဖြေသံဃာတော်များအား ဖူးမြော်ကြည်ညိုကြသည်။


ယနေ့ သဘောရေးဖြေစာမေးပွဲသို့ သံဃာတော် ၉၅ ပါး ဖြေဆိုတော်မူကြပြီး သဘောရေးဖြေစာမေးပွဲမှာ ယနေ့ ကျင်းပပြီးစီးခဲ့ပြီဖြစ်သည်။


တိပိဋကကောဝိဒဘွဲ့ရရှိရန် အာဂုံပြန်ဆိုခြင်း ၅ ဆင့်နှင့် သဘောရေးဖြေ စာမေးပွဲ ၅ ဆင့် ဖြေဆိုရသည်။ သင်ရိုးပိဋကတ် သုံးပုံပါဠိတော် ကျမ်းစာအုပ်ပေါင်း ၂၀ ကို အာဂုံပြန်အောင်မြင်ပါက တိပိဋကဓရဘွဲ့ကို ရရှိပြီး ယင်းကျမ်းများ၏ အဖွင့်ကျမ်းများဖြစ်သည့် အဋ္ဌကထာ၊ ဋီကာ၊ အနုဋီကာ၊ ယောဇနာ၊ ဂဏ္ဌိဌ၊ အနုဂဏ္ဌိ၊ နိဿယ စသော ကျမ်းစာအုပ်ပေါင်း ၁၀ဝ ကျော်မှ အဓိပ္ပါယ်များကို သဘောရေးဖြေ အောင်မြင်တော်မူသဖြင့် တိပိဋကဓရ တိပိဋကကောဝိဒဘွဲ့ကို ခံယူရရှိတော်မူမည်ဖြစ်သည်။


တိပိဋကဓရ တိပိဋကကောဝိဒရွေးချယ်ရေး စာမေးပွဲ စတင်ကျင်းပသည့် ၁၃၁၀ ပြည့်နှစ်မှ အကြိမ် (၇၀)အထိ  တိပိဋကဓရ တိပိဋကကောဝိဒ သာသနာ့အာဇာနည် အရှင်သူမြတ် ၁၄ ပါး ပေါ်ထွန်းခဲ့ပြီးဖြစ်ကြောင်း သိရသည်။ 


(သတင်းစဉ်)

 

ာိည