နေပြည်တော် ၂၆ ဇန်နဝါရီ


စိုက်ပျိုးရေးလုပ်ငန်းများကို အော်ဂဲနစ်ဖြင့် ဆောင်ရွက်ရာတွင် သိရှိလိုက်နာရန်နှင့် အော်ဂဲနစ်အသိအမှတ်ပြုလက်မှတ် လျှောက်ထားရာတွင် အထောက်အကူ ဖြစ်စေရန် မြန်မာအော်ဂဲနစ် စံချိန်စံညွှန်း အသိပေးကြေညာခြင်း အခမ်းအနားကို ယနေ့ နံနက် ၉ နာရီက လှည်းကူးမြို့နယ်ရှိ ဟင်းသီးဟင်းရွက် သစ်သီးဝလံ သုတေသနနှင့် ဖွံ့ဖြိုးရေးဗဟိုဌာန၌ ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ၊ ပြည်သူ့လွှတ်တော် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကျေးလက်လူမှုဘဝ ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီဥက္ကဋ္ဌ ဦးရန်လင်း၊ ရန်ကုန်တိုင်းဒေသကြီး စိုက်ပျိုးရေး၊ မွေးမြူရေး၊ သစ်တောနှင့် စွမ်းအင်ဝန်ကြီး ဦးဟံထွန်းနှင့် လွှတ်တော်ကိုယ်စားလှယ်များ၊ အမြဲတမ်းအတွင်းဝန်နှင့် ညွှန်ကြားရေးမှူးချုပ်များ၊ သစ်သီးဝလံနှင့် ပန်းမန်အသင်းဥက္ကဋ္ဌနှင့် ပုဂ္ဂလိကအဖွဲ့အစည်းများမှ တာဝန်ရှိသူများ၊ ဥယျာဉ်ခြံသီးနှံ စိုက်ပျိုးထုတ်လုပ်သူများ၊ တိုင်းဒေသကြီး ပြည်နယ်များမှ တောင်သူများ တက်ရောက်ကြသည်။


အခမ်းအနားတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူက အမှာစကား ပြောကြားရာ၌ အစားအစာ ဘေးကင်းလုံခြုံပြီး အာဟာရပြည့်ဝသော စိုက်ပျိုးရေး ထွက်ကုန်များကို ပြည်သူများဖူလုံစွာ စားသုံးနိုင်ရေးအတွက် အော်ဂဲနစ်စိုက်ပျိုးရေး စနစ်တကျ ဖွံ့ဖြိုးလာစေရေးနှင့် အော်ဂဲနစ်နှင့် ပတ်သက်သည်‌့ စံချိန်စံညွှန်းများကို တိကျစွာ လိုက်နာကျင့်သုံးနိုင်ရေးတို့ကို ရည်ရွယ်၍ အာဆီယံ အော်ဂဲနစ် စံချိန်စံညွှန်းများကို အခြေခံပြီး မြန်မာနိုင်ငံ၏ အော်ဂဲနစ်စိုက်ပျိုးထုတ်လုပ်မှု အခြေအနေများနဲ့ ကိုက်ညီမှုရှိစေရန် မြန်မာအော်ဂဲနစ် စံချိန်စံညွှန်းကို ရေးဆွဲဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ အော်ဂဲနစ်စိုက်ပျိုးရေး စနစ်သည် မြေဆီလွှာ၊ ဂေဟစနစ်နှင့် လူသားများ အပါအဝင် သက်ရှိများကို မထိခိုက်စေဘဲ ရေရှည်တည်တံ့စေတဲ့ ထုတ်လုပ်မှုစနစ်တစ်ခု ဖြစ်ကြောင်း၊ ဆိုးကျိုးများ ဖြစ်ပေါ်စေနိုင်သော သွင်းအားစုများကို အသုံးမပြုခြင်း၊ သက်ရှိများနှင့် သဘာဝပတ်ဝန်းကျင်တို့ ဆက်စပ်မှုရှိခြင်း၊ မတူညီသည့်သက်ရှိဇီဝများ ယှဉ်တွဲနေထိုင်နိုင်ခြင်း၊ စိုက်ပျိုးထုတ်လုပ်ရာ ဒေသအခြေအနေနှင့် လိုက်လျောညီထွေမှုရှိခြင်း စသည့် အချက်အလက်များ အပေါ်တွင် အဓိကထား၍ စိုက်ပျိုးထုတ်လုပ်ခြင်း ဖြစ်သည့်အတွက် အော်ဂဲနစ်စိုက်ပျိုးရေးစနစ် ဖွံ့ဖြိုးလာရေးကို စိုက်ပျိုးရေးကဏ္ဍတွင် ပါဝင်ပတ်သက်သူ အားလုံးတို့က ဝိုင်းဝန်းအကောင်အထည်ဖော် ဆောင်ရွက်ပေးကြပါရန်နှင့် ယနေ့မှစ၍ မြန်မာအော်ဂဲနစ် စံချိန်စံညွှန်းများအား စတင်ကျင့်သုံးကြောင်း ကြေညာအပ်ပါကြောင်း ပြောကြားသည်။


ထို့နောက် စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲတင့်ထွန်းက မြန်မာအော်ဂဲနစ် စံချိန်စံညွှန်း ဆောင်ရွက်ထားရှိမှုများအား ရှင်းလင်းတင်ပြသည်။


အခမ်းအနားအပြီးတွင် ပြည်ထောင်စုဝန်ကြီးနှင့် ဧည့်သည်တော်များသည်  ဟင်းသီးဟင်းရွက် သစ်သီးဝလံ သုတေသနနှင့် ဖွံ့ဖြိုးရေးဗဟိုဌာန စိုက်ကွင်းအတွင်း စိုက်ပျိုးပြသထားသော အော်ဂဲနစ် ဟင်းသီးဟင်းရွက် စိုက်ခင်းများ၊ အိမ်ခြံဝန်းစိုက်ခင်း၊ မျိုးစေ့ထုတ်စိုက်ခင်းနှင့် နည်းပညာပေး စိုက်ခင်းများ၊ ပုဂ္ဂလိက အရောင်း  ဆိုင်ခန်းများအား လှည့်လည်ကြည့်ရှုအားပေးကြသည်။


အော်ဂဲနစ်စိုက်ပျိုးရေးစနစ်၏ အဓိပ္ပာယ်ဖွင့်ဆိုချက် များစွာရှိသော်လည်း အဓိကဆိုလိုရင်းမှာ ပြင်ပသွင်းအားစုများကို အသုံးပြုခြင်းထက် ဂေဟစနစ်အစီအမံများ အပေါ်တွင်သာ အားထားရန်ဖြစ်ပါသည်။ ဓာတုသွင်းအားစုများဖြစ်သည့် ဓာတ်မြေသြဇာ၊ ပိုးသတ်ဆေးနှင့် ပေါင်းသတ်ဆေးများ၊ တိရစ္ဆာန်မွေးမြူရေးဆိုင်ရာ ဆေးဝါးများ၊ မျိုးဗီဇပြုပြင်ထားသည့် မျိုးစေ့နှင့် စပ်မျိုးများ၊ တာရှည်ခံဆေးများ၊ အစားအစာ ဖြည့်စွက်ပစ္စည်းများ၊ ဓာတ်ရောင်ခြည်သုံး ပြုပြင်ခြင်းများကို ရှောင်ကြဉ်ပြီး ပတ်ဝန်းကျင်နှင့် လူမှုဘဝများအပေါ် ဆိုးကျိုးများ မသက်ရောက်စေရန် ထည့်သွင်းရေးဆွဲထားသည့် စနစ်တစ်ခုလည်းဖြစ်သည်။


"အစားအစာ ဒါမှမဟုတ် စိုက်ပျိုးရေးထွက်ကုန်များမှာ အော်ဂဲနစ်လို့ အညွှန်းတပ်ပြီဆိုရင် အဲဒီကုန်ပစ္စည်းကို သတ်မှတ်ထားတဲ့ အော်ဂဲနစ်နည်းလမ်းများ/ စံညွှန်းများအတိုင်း ထုတ်လုပ်ရမှာ ဖြစ်ပါတယ်။  အော်ဂဲနစ်စနစ်နဲ့ စိုက်ပျိုးထုတ်လုပ်ရာမှာ လိုက်နာရမယ့် သတ်မှတ်ချက်တွေကို တရားဝင် အသိအမှတ်ပြု လက်မှတ်ထုတ်ပေးရေးအဖွဲ့က ရေးဆွဲပြီး အော်ဂဲနစ် စံချိန်စံညွှန်းများမှာ အသေးစိတ်ဖော်ပြပေးရမှာ ဖြစ်ပါတယ်"ဟု ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးလှမြင့်အောင်က ပြောသည်။


အစားအစာ ဘေးကင်းလုံခြုံရေးနှင့် အာဟာရပြည့်ဝရေးတို့အတွက် အော်ဂဲနစ် စံချိန်စံညွှန်းများစွာကို နိုင်ငံအသီးသီးတွင် ရေးဆွဲလိုက်နာ ကျင့်သုံးလျက်ရှိနေကြရာ မြန်မာနိုင်ငံအနေဖြင့်လည်း အာဆီယံ အော်ဂဲနစ် စံချိန်စံညွှန်းများကို အခြေခံပြီး မြန်မာနိုင်ငံ၏ အော်ဂဲနစ်စိုက်ပျိုးထုတ်လုပ်မှု အခြေအနေများနဲ့ ကိုက်ညီမှုရှိစေရန် ပြင်ဆင်ရေးဆွဲခြင်းကို  စိုက်ပျိုးရေးဦးစီးဌာန ပညာရှင်များ၊ စိုက်ပျိုးရေးသုတေသန ဦးစီးဌာန၊ စိုက်ပျိုးရေးတက္ကသိုလ် စသည့် နယ်ပယ်အသီးသီးမှ ပညာရှင်များဖြင့် အကြိမ်ကြိမ်ဆွေးနွေးခဲ့ပြီး အော်ဂဲနစ်စိုက်ပျိုးရေး၏ အနှစ်သာရများ မထိခိုက်စေဘဲ စိုက်ပျိုးထုတ်လုပ်မှု ကွင်းဆက်တစ်လျှောက် စိုက်ပျိုးသူများ လိုက်နာကျင့်သုံးနိုင်ရန် ရည်ရွယ်ရေးဆွဲခဲ့ကြခြင်းဖြစ်ကြောင်း သတင်းရရှိသည်။ 


(သတင်းစဉ်)