မန္တလေး ၂၈ ဒီဇင်ဘာ

 

ကုတင် ၃၀ဝ ဆံ့ ကလေးဆေးရုံကြီး (မန္တလေး) ကလေး သွေးရောဂါနှင့် ကင်ဆာဌာနတွင် တက်ရောက် ကုသနေသည့် ကလေးများအတွက် နှစ်သစ်ကူး ပျော်ပွဲရွှင်ပွဲကို ယနေ့မနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။

 

 

သွေးရောဂါနှင့် ကင်ဆာဌာနတွင် တက်ရောက် ကုသနေသည့် ကလေးများ၊ ပြင်ပမှ လာရောက်ပြသသည့် ကလေးများနှင့် မိဘများ ပျော်ရွှင်စေရန် ရည်ရွယ်ပြီး ကုတင် ၃၀ဝ ဆံ့ ကလေးဆေးရုံကြီး(မန္တလေး)က ဆရာ၊ ဆရာမများ၊ One to One ပရဟိတအဖွဲ့တို့ ပူးပေါင်းဆောင်ရွက်ခြင်း ဖြစ်သည်။

 

 

"အဓိကကတော့ ကလေးတွေနဲ့ မိဘတွေကို ပျော်ရွှင်စေချင်လို့ ဆောင်ရွက်တာပါ။ ကလေး မိဘတွေကလည်း ကလေးအတွက် စိုးရိမ်ပူပန်မှုတွေနဲ့၊ ကလေးတွေမှာလည်း ရောဂါဝေဒနာတွေနဲ့ တစ်နှစ်လုံးပျော်ရွှင်မှု ဆိုတာမရှိဘူးလေ။ သားတို့ကို ပျော်ရွှင်စေချင်လို့ ဆရာ၊ ဆရာမတွေနဲ့ ပရဟိတ အဖွဲ့တွေ ပူးပေါင်းဆောင်ရွက်တာပါ'' ဟု One to One ပရဟိတအသင်းမှ ကိုစိုင်းနေမျိုးမောင်မောင်က ပြောသည်။ 

 

ယခုလို နှစ်သစ်ကူး ပျော်ပွဲရွှင်ပွဲကို ၂၀၁၂ ခုနှစ်က စတင်ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ကလေးများအတွက် မျက်လှည့်ပြခြင်း၊ မုန့်နှင့် အရုပ်များ ဝေငှပေးခဲ့ကြောင်း သိရသည်။

 

၂၀၁၈ ခုနှစ် ဇန်နဝါရီလမှ နိုဝင်ဘာလအထိ ကုတင် ၃၀ဝ ဆံ့ ကလေးဆေးရုံကြီး (မန္တလေး) တွင် တက်ရောက်ကုသသည့် ကလေး ၂၂၀ဝ ကျော်ရှိပြီး ပြင်ပလူနာ ၂၇၀ဝ ကျော်ရှိကြောင်း သိရသည်။

 

အိမို့မို့ခိုင်