၁၃ ဖေဖော်ဝါရီ
မိုးရာသီ၊ ဆောင်းရာသီကဲ့သို့ အေးသောရာသီဥတုများတွင် ခြေဖျား လက်ဖျားအေးလေ့ရှိပါသည်။ အချို့သူများမှာ သူများတကာထက်ပို၍ ခြေဖျားအေးခြင်း၊ လက်ဖျားအေးခြင်းဖြစ်သည်ကို တွေ့ရသည်။ ထိုသူများ… အဘယ်ကြောင့် ခြေဖျား လက်ဖျားအေးရပါသနည်း ဟု မေးမြန်းသူရှိသဖြင့် မိမိတတ်သိသမျှ ရိုးရာဆေးပညာရှုထောင့်မှ သုံးသပ်တင်ပြလိုပါသည်။
ဦးစွာ “ဝမ်းမီး” အကြောင်းကို တင်ပြလိုပါသည်။
လူတို့အသက်ကို စောင့်ရှောက်သည့်ဝမ်းမီးအကြောင်း
ဝမ်းမီးဆိုသည်မှာ လူ၏ဝမ်းခေါင်းအတွင်းရှိ အစာချေအင်္ဂါဖြစ်သော အစာအိမ်တွင်ရှိနေသည့် အပူဓာတ်မီးဟု လူပြိန်းနားလည်အောင် ပြောလျှင်ရမည်ထင်သည်။ မီးဟူသည် အပူဓာတ် (ဥဏှတေဇော) ဖြစ်ပြီးတစ်နည်းအားဖြင့် ပါစကတေဇော ဟုလည်း ဆေးကျမ်းများတွင် ဖွင့်ဆိုကြသည်။
အနောက်တိုင်းဆေးပညာတွင် အစာအိမ်မှအစာချေရည်သည် မိီးမဟုတ်သော်လဲ လောင်ကျွမ်းစေ သည့် အက်ဆစ်အရည်ဖြစ်သည်။ H CL..ဟိုက်ဒြိုကလိုရစ်အက်ဆစ် ဟုဆိုသည်။ ထိုအက်ဆစ် ထွက်ခြင်း မထွက်ခြင်း အပေါ်မူတည်၍ အစာကြေခြင်း၊ မကြေခြင်းဖြစ်ရသည်။ အချို့သူများတွင် အစာချေရည် အထွက်နည်း၍ အစာမကြေရောဂါ ဖြစ်ရသလို အချို့လူများတွင် အစာချေရည် အထွက်များပြီး အစာအိမ်ကို ပြန်လောင်သွားသဖြင့် အစာအိမ်အနာ ဖြစ်ပြီး ကြာရှည် ကုသရသည့် ဝေဒနာမျိုးကို ခံစားကြရသည်။ သိပ္ပံသုတေသနအရ စိတ်တိုတိုင်း အစာချေရည် အက်ဆစ်ထွက်သဖြင့် စိတ်တိုသူများတွင် အစာအိမ် လောင်ရောဂါ ပို၍ ဖြစ်လေ့ရှိသည်ဟု ဆိုသည်။
မြန်မာ့ဆေးပညာတွင် အဓိကအားဖြင့် ဝမ်းမီးနှစ်မျိုးရှိသည်။ ၎င်းတို့မှာ (၁) သမဝမ်းမီး (မျှတသော ဝမ်းမီး) နှင့် (၂) ဝိသမဝမ်းမီး ( မမျှတသောဝမ်းမီး၊ မကောင်းသောဝမ်းမီး) ဟု နှစ်မျိုးရှိသည်။
အစာအိမ် ရောဂါအမြင်ဖြင့်ပြောရလျှင် အစာမကြေရောဂါ ရှိသူများမှာ (မန္ဒဝမ်းမီး) နုံ့သောဝမ်းမီး ရှိသူများဖြစ်ပြီး အစာကြေလွန်ပြီး မကြာခဏ ဆာလောင်နေသူများမှာ (တိက္ခဝမ်းမီး) ထက်သောဝမ်းမီး ရှိနေသူများ ဖြစ်ကြသည်။
(ဘဿမဝမ်းမီး) ခေါ် လွန်ကဲသည့်ဝမ်းမီး ( ပြာကျအောင်လောင်သော ဝမ်းမီးဟုလည်း အချို့ဆေး ကျမ်းများက ဆိုကြသည်။) အစာအိမ်ကို ပြန်လောင်သောဝမ်းမီး၊ အစာအိမ်ရောင် အစာအိမ်နာ၊ ယခုခေတ် ပေါ်ရောဂါ အစာအိမ်ကင်ဆာကဲ့သို့ ဖြစ်စေသော ဝမ်းမီးမျိုးလည်းရှိသည်။ ကျမ်းတွင်ပါသည်ကို ခေတ်အမြင် ဖြင့် ညှိကြည့်ရန်ဖြစ်သည်။
ဝမ်းမီးအကြောင်းကို လေ့လာမိပြီဆိုလျှင် ခြေဖျားအေးသည့်အကြောင်းကို ဆက်လက်တင်ပြပါ မည်။
ခြေဖျားအေးမူ နဖူးပူ ထိုသူဖျားမည်မှတ်
ခြေဖျား၊လက်ဖျားအေးသူများသည် အစာခြေအားနည်းသူများဖြစ်ကြသည်။ အထူးသဖြင့် အစာကို အချိန်မှန်မစားရ၊ စားရသောအချိန်တွင်လည်း ထမင်းအေး၊ ဟင်းအေး စားရသူများ နှစ်ရှည်ကြာလာလျှင် အစာအိ်မ်မှာ ဝမ်းမီးပျက်ပြီး (မန္ဒဝမ်းမီး) အစာမကြေရောဂါဖြစ်လာတော့သည်။ အစာအိမ်တွင် အစာချေရန် အပူဓာတ် (ဝမ်းမီး) အားနည်းသဖြင့် ခန္ဓာကိုယ်ရှိ အပူဓာတ်များသည် အစာအိမ်သို့ သွားကူကြသည်။ တနည်းအားဖြင့် တပ်ကူသွားကြသည်။ ထိုအခါ ခြေဖျား၊ လက်ဖျားများတွင် အပူဓာတ် ဆုတ်ယုတ်သွားပြီး ခြေဖျား၊ လက်ဖျား အေးစက်နေသည်ကို တွေ့ရသည်။
အစာကို ပူပူနွေးနွေးစားလျှင် အချိန်မှန်စားလျှင် ခြေဖျား၊ လက်ဖျားအေးခြင်း မဖြစ်နိုင်ပေ။ ထမင်းချိုင့်ထည့်သွားပြီး အအေးစာစားရသည့် ရုံးဝန်ထမ်းများတွင် ထိုရောဂါ အဖြစ်များသည်။ အစာမကြေ၊ လေပွ၊ ခြေဖျား လက်ဖျားအေး… နောက်ဆုံးတွင် အစာမကြေ၊ခေါင်းကိုက်၊ နောက်ကျောတက်ရောဂါများ ဆက်ခါ ဆက်ခါ ဖြစ်လာတတ်သည်။
ခြေဖျားအေးပြီးနောက် အစားအသောက်မစားခြင် စားထားသည့်အစာလည်းမကြေ… ထိုမှနောက် ဆက်တွဲ နေမကောင်းခြင်ဖြစ်လာပြီး အဖျားဝင်လာတတ်သည်။ ထိုသူ၏ နဖူးကို စမ်းကြည့်သောအခါအ နည်းငယ်ပူနေသည်ကို စမ်းမိသည်။ အဖျားဝင်လာသည့် လက္ခဏာဖြစ်သည်။ ဖျားမည့်သူကို စမ်းသပ် ကြည့်ပြီး ရှေးဆရာကြီးများ ရေးသားခဲ့ဖူးသည့် လင်္ကာမှာ “ခြေဖျားအေးမူ နဖူးပူ၊ ထိုသူဖျားမည်မှတ်” ဟု စာရေးသူတို့ သင်တန်းသားဘဝက မှတ်သားခဲ့ရဖူးသည်။
အအေးပတ်ခြင်းနှင့် အဆုတ်ဖျား လက္ခဏာတွင်လည်း ခြေဖျားအေးခြင်း နဖူးပူခြင်း ဖြစ်တတ်သည်။ သို့သော် အဆုတ်ဖျားမှာ လက်ဖဝါးများ ပူနေတတ်သည်။ ညနေစောင်းနှင့် ညဉ့်ဦးပိုင်းတွင် အဖျားတတ် လေ့ရှိသည်။ နံနက်ပိုင်းတွင် အဖျားကျသွားလေ့ရှိသည်။ ဖျားလျှင် အစာမစားခြင် ပါးစပ် ခံတွင်းခါးခြင်း၊ လျှာဖြူခြင်း၊ လျှာတွင်အနှစ်တတ်ခြင်း၊ နှုတ်ခမ်းခြောက်ခြင်းများ ဖြစ်လေ့ရှိသည်။
အဖျားရှိသူကို အားရှိအောင် ထမင်းနှင့် အစာများများမကျွေးရ။ ဝမ်းမီးအားမကောင်းသဖြင့် ပြန် အန်ထွက်တတ်သည်။ ဆန်ပြုတ်၊ဆွတ်ပြုတ်စသော အရည်နှင့် အဖတ်တွဲသည့် အစာမျိုးကိုသာ ကျွေးသင့် သည်။ ရှေးက အချို့ဆရာကြီးများ ဖျားသူကို အစာဖြတ်ပြီး ကုသည့် ကုထုံးမျိုးကို တစ်ခါတစ်ရံ သုံးလေ့ရှိ သည်ကို လေ့လာမှတ်သားရဖူးသည်။ အစာကြောင့် လူနာအားမရှိဘဲ ပိုးအားရှိသွားသည်ဟု ဆိုကြသည်။ အရည်သောက် အစာအဟာရပေး၍ ကုသခြင်းမှာ လူနာအားမပြတ်သဖြင့် ပို၍သင့်တော်မည်ဟု ထင်မြင်ပါ သည်။ အချို့ဆရာများကလည်း ဖျားသူကို အချိုမပေးရ။ အစပ်ပါသော အစာနှင့် အခိုးပွင့်စေသော အာကာ သ အစာများသာ ပေးရမည်ဟုဆိုသည်။
ခြေဖျားလက်ဖျားအေးသူအတွက် ကုထုံးများ
ကုထုံးများတွင် ကံ၊ စိတ်၊ ဥတု၊ အာဟာရ ညီမျှစွာ ကုပေးနိုင်မှ ရေရှည်အတွက်ကောင်းမည်ဟု ရှေးဆရာကြီးများဆိုသည်။
ကာလ၊ အတ္ထ၊ ကံမ္မ … အနေအထိုင်၊ အစားအသောက်၊ အပြုအမူ မှန်ကန်မှသာ ခန္ဓာကိုယ်တွင် ဖောက်ပြန်နေသော အပြစ်ပြုနေသော ရောဂါဝေဒနာများပျောက်ကင်းမည်ဟု အာယုဗေဒကျမ်းများက ဆိုသည်။
အနေအထိုင်အနေဖြင့် အအေးပတ်ခြင်းကို သတိပြုရမည်။ အအေးမပတ်အောင် ဝတ်စားဆင် ယင်ခြင်း၊ ရေချိုးဆင်ခြင်ခြင်း၊ အိပ်ယာဝင်ချိန်တွင် စောင်၊ အိပ်ယာခင်းများ အနွေးဓာတ်ရအောင် လုံခြုံ အောင် သတိပြုဆင်ခြင်ခြင်းဖြင့် အေးသောရာသီတွင် ခြေဖျား၊ လက်ဖျားအေးခြင်းမှ ကာကွယ်နိုင်သည်။ ပြင်ပထွက်လျှင် မော်တော်ယာဉ်စီးလျှင် လေတိုးခြင်းကို သတိပြုရမည်။ ဆိုင်ကယ်စီးသူများ အအေးပတ်၍ ပါးရွဲ့သည်ကို မကြာခဏ တွေ့ရလေ့ရှိသည်။ မျက်နှာကို လေမတိုးနိုင်အောင် ကာကွယ်သည့် လေကာမှန် ပါသော ဦးထုပ်ကို ဆောင်းသင့်သည်။
အစားအသောက် အနေဖြင့် အေးစက်သောအစာများ ကြေခဲသည့်အစာများ (ဥပမာ .. ကောက် ညှင်း၊ ဆန်စေး၊ အကြော်အလှော်များ) ရှောင်ကျဉ်သင့်သည်။ ရေသောက်လျှင်ပင် ရေအေးထက် ရေနွေးကိ်ု ဆူပွက်အောင်ကျိုပြီးနောက် အအေးခံသော ရေကျက်အေးက လူကြီးများနှင့် ပို၍ သင့်သည်။ ရှေးကလူကြီး များသည် ရေအေးမသောက်ကြ။ ရေနွေး သို့မဟုတ် ရေကျက်အေးသောက်ကြသဖြင့် အဖျားအနာကင်း သည်ဟု ဆိုသည်။
အပြုအမူဆိုသည်မှာ ကျန်းမာစေသော ပြုမူဆောင်ရွက်ချက်များကိုဆိုသည်။ စောစောအိပ်ခြင်း၊ စောစော ထခြင်း၊ သင့်တင့်သောအစာကိုသာစားခြင်း (အလွန်အကျွံမစားခြင်း)။ အသားနှင့် အသီးအရွက် ကို မျှတစွာစားခြင်း။ အချိန်မှန်စားခြင်း။ နေ့စဉ်ပုံမှန် လမ်းလျှောက်ခြင်း။ ထိုင်ခြင်း။ လဲလျောင်းခြင်း။ အိပ်ခြင်း။ အရိယာပုဒ် သုံးမျိုးကို အချိုးကျမျှတအောင် နေထိုင်ခြင်းသည် အသက်ရှည်ခြင်းပင်ဖြစ်သည်။
အအေးမိကာကွယ်ဆေးများ
၁။ ချင်းတတ်။ ။ အစာကြေစေရန်အတွက် အစွမ်းထက်သော ဆေးတစ်ပါးဖြစ်သည်။ အအေးမိခြင်းမှ လည်း ကာကွယ်နိုင်သည်။ အသံဝင်ခြင်းနှင့် ပျို့အန်ခြင်းများမှလည်းကာကွယ်နိုင်သည်။ အေးသောရာသီ တွင် ချင်းကိုပါးပါးလှီးပြီး ရေနွေးမတ်ခွက် တစ်လုံးဖြင့် စိမ်ပြီးအုပ်ထား .. နံနက်အိပ်ယာထတွင် ထိုချင်းစိမ် ရည်ကိုသောက်ပေးလျှင် တစ်နေကုန် နေကောင်းစေသည်။ အအေးပတ်၊ အသံဝင်၊ ဖျားခြင်လျှင် ချင်း+ ကွမ်းရွက်+ ထန်းလျက် ပြုတ်ရည်ကို မြန်မာလူမျိုးများ သောက်လေ့ရှိသည်။ အိမ်တွင်းအဖျားကာကွယ်ဆေး ဖြစ်သည်။
၂။ ငရုတ်ကောင်း။ ။ ငရုတ်ကောင်းသည် အပူဖြစ်သော်လည်း ဆီးကိုရွှင်စေသည်။ ခန္ဓာကိုယ်တွင်းမှအပူကို ဆီးဖြင့် ထုတ်ပစ်နိုင်သည်။ အေးသောရာသီတွင် ဆီးများများသွားရခြင်းမှာ ကိုယ်တွင်းအပူမအောင်းစေရန် ဖြစ်သည်။ ငရုတ်ကောင်းကို ဟင်းချိုခတ်သောက်လျှင် အခိုးပွင့်စေသည်။ ဟင်းခါးဟုခေါ်သည်။ ဘူးသီး ဟင်းခါး၊ ကျောက်ဖရုံသီးဟင်းခါး၊ ကြာဇံဟင်းခါး စသည်များသည် … အေးသောရာသီတွင် အာကာသ ရစေသော အပွင့်စာများအဖြစ် ဓာတ်စာဆရာများ ပေးလေ့ရှိသည်။ ငရုတ်သီးသည် မျက်စိနှင့် မသင့်သော် လည်း ငရုတ်ကောင်းသည် မျက်စိနှင့်သင့်သည်ဟု ဆိုသည်။
၃။ ပိတ်ချင်း။ ။ ပိတ်ချင်းကို ဟင်းခတ်အမွှေးအကြိုင် အဖြစ်သာသုံးလေ့ရှိသည်။ အသားဟင်းများချက်ရာ တွင် နူးလွယ်စေရန်နှင့် အညှီနံ့ပျောက်စေရန် ထည့်သုံးလေ့ရှိသည်။ မဆလာဖော်စပ်ရာတွင်လည်း ကရဝေး ရွက်၊ ဇီယာ၊ ဖာလာ၊ သစ်ကြံပိုး တို့နှင့် တွဲဖက်၍ ဖော်စပ်လေ့ရှိသည်။
အထက်ပါ ချင်း၊ ငရုတ်ကောင်း၊ ပိတ်ချင်းတို့ကို အစာကြေစေသော အစပ်သုံးပါး ( တြိကဋုတ် သုံးပါး) ဟုအာယုဗေဒကျမ်းများတွင် ဖော်ပြထားသည်။ အစာကြေစေရန်အတွက်သာမက အဖျားရောဂါ အမျိုးမျိုးကို ပျောက်ကင်းစေနိုင်ပြီး မကောင်းသော ရောဂါပိုးအမျိုးမျိုးကို ခန္ဓာကိုယ်တွင်းမှ ဖယ်ထုတ်ပြစ် နိုင်သည်ဟု ဖော်ပြထားသည်။ မြန်မာပရဆေးဆိုင်များတွင် ဆေးဖော်စပ်ရာတွင် အခိုးပွင့်ဆေး အမျိုးမျိုး တွင် တြိကဋုတ်သုံးပါး ဟူ၍ အမြဲပါဝင်သည်ကို တွေ့ရှိရသည်။
မတဲမြင့်မိုရ်ကုန်းဆေး၊ ဇာတိလဝင်္ဂဆေး၊ သွေးဆေးနီကြီး၊ ဝမ်းမီးတောက်ဆေး၊ မုဆိုးကျော်ဆေး၊ ကလျာဏီသွေးဆေး စသည့် ဆေးများသည် အအေးမိခြင်း၊ ခြေဖျား လက်ဖျားအေးခြင်း၊ အစာမကြေခြင်း၊ ကိုယ်ပူခြင်း၊ ခေါင်းကိုက်ခြင်း၊ ဇက်ကြောတတ်ခြင်းများကို ကာကွယ်နိုင်သည့် ဆေးများဖြစ်သည်။
ကြည်လွင်မြင့် (မုဒြာ)