ထွန်းကျော်
အိုလံပစ်အားကစားပွဲမတိုင်မီ ဂျပန်နိုင်ငံ တိုကျိုနဲ့ တခြားအစိတ်အပိုင်းတွေမှာ ချမှတ်ထားတဲ့ ကိုဗစ်-၁၉ အရေးပေါ်အခြေအနေတွေကို ထပ်မံတိုးချဲ့လိုက်ပါတယ်။ ထို့အတူ ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှု တိုးနေတဲ့ နောက်ထပ် ခရိုင်နှစ်ခုကိုလည်း ကန့်သတ်ပိတ်ဆို့မှုတွေ ချမှတ်လိုက်ပါတယ်။
မေလကုန်မှ အဆုံးသတ်မယ်
ကိုဗစ်-၁၉ ကာကွယ်တားဆီးရေး အရေးပေါ်ကြေညာချက်ဟာ တခြားနိုင်ငံတွေမှာ လွှမ်းခြုံကျင့်သုံးနေတဲ့ အသွားအလာကန့်သတ် ပိတ်ဆို့မှုတွေထက် ပြင်းထန်တယ်လို့တော့ မဆိုသာပါဘူး။ ဂျပန်နိုင်ငံမှာ ချမှတ်ထားတဲ့ ကိုဗစ်-၁၉ အရေးပေါ်အခြေအနေဟာ မေ ၁၁ ရက် မှာ အဆုံးသတ်တော့မှာဖြစ်ပါတယ်။ သို့သော်လည်း အခုလို ထပ်မံတိုးချဲ့လိုက်တဲ့အတွက် မေလကုန်မှပဲ အဆုံးသတ်တော့မှာ ဖြစ်တယ်လို့ ဂျပန်နိုင်ငံဝန်ကြီးချုပ် ဆူဂါယိုရှီဟိဒဲက ပြောပါတယ်။
အရေးပေါ်အခြေအနေထပ်မံပြဋ္ဌာန်း
ဂျပန်နိုင်ငံရဲ့ အဓိကမြို့ကြီးတွေမှာ ကိုဗစ်-၁၉ ထပ်မံကူးစက် ဖြစ်ပွားမှုတွေဟာ သတိထားရလောက်မယ့် အဆင့်တစ်ခုအထိ တိုးနေပါတယ်။ အိုဆာကာနဲ့ ယိုကို ခရိုင်တို့မှာရှိတဲ့ ဆေးရုံတွေလည်း ဝန်နဲ့အားမမျှတော့သလို ဝန်ပိနေပါပြီ။
အဲဒီလို အခြေအနေတွေကို ဗဟိုပြုပြီး အိုင်ချီနဲ့ ဖူကူအိုကာ ခရိုင် နှစ်ခုကို မေ ၃၁ ရက်အထိ နောက်ထပ် ကိုဗစ်-၁၉ အရေးပေါ်အခြေအနေ ထပ်မံပြဋ္ဌာန်းခဲ့တယ်လို့ ဂျပန်ဝန်ကြီးချုပ်က ပြောပါတယ်။
စိတ်မကောင်းစရာဖြစ်ရပ်
ဂျပန်နိုင်ငံရဲ့ ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှုဟာ တခြားနိုင်ငံတွေနဲ့ နှိုင်းယှဉ်ကြည့်မယ်ဆိုရင်တော့ နည်းတယ်လို့ ပြောရမှာပါ။ ကမ္ဘာမှာ ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားသေဆုံးမှု အများဆုံးနိုင်ငံကတော့ အမေရိကန်ပြည်ထောင်စု ဖြစ်ပါတယ်။ ဒုတိယ ကူးစက်ဖြစ်ပွားမှု အများဆုံးနိုင်ငံကတော့ အိန္ဒိယနိုင်ငံဖြစ်ပါတယ်။ ကိုဗစ်-၁၉ ကြောင့်သေဆုံးမှုမှာတော့ဘရာဇီးနိုင်ငံက ဒုတိယအများဆုံးလို့ပြောရမှာဖြစ်ပါ \တယ်။ မကြာသေးမီက အိန္ဒိယမှာ ထပ်မံဖြစ်ပွားလာတဲ့ ကိုဗစ် ကူးစက်မှုအရှိန်ကြောင့် ကမ္ဘာကို မျက်ဖြူဆိုက်စေခဲ့ပါတယ်။ ဒါကြောင့်မို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးသာမက တခြားကမ္ဘာ့နိုင်ငံတွေ၊ အဖွဲ့အစည်းတွေက အိန္ဒိယကို ကူညီထောက်ပံ့နေကြပါတယ်။
ဂျပန်နိုင်ငံမှာ ကိုဗစ်-၁၉ ကြောင့် သေဆုံးသူပေါင်း ၁ဝ၅ဝဝ ထက် ကျော်လွန်ခဲ့ပါပြီ။ ဒါဟာ တခြားကမ္ဘာ့ကူးစက်ဖြစ်ပွားမှု အများဆုံး ၁၀ နိုင်ငံနဲ့ နှိုင်းယှဉ်ကြည့်ရင်တော့ ဘာမှမဟုတ်သလို ထင်ရပေမယ့် နိုင်ငံအတွင်းမှာတော့ တကယ့်ကို စိတ်မကောင်းစရာ ဖြစ်ရပ်တစ်ခုဖြစ်ပါတယ်။
အကောင်းဆုံး ကျော်လွှားမယ်
ဒါကြောင့် ဂျပန်အစိုးရဟာ ဒီအခြေအနေကို အကောင်းဆုံး ကျော်လွှားချင်တာကြောင့် နိုင်ငံအတွင်းမှာ ကိုဗစ်-၁၉ ကာကွယ်ရေးတွေ၊ ထိန်းချုပ်ရေးတွေ၊ တားဆီးနှိမ်နင်းရေးတွေကို အပူတပြင်းလုပ် ဆောင်နေတာဖြစ်ပါတယ်။ မလုပ်ဆောင်ဘဲ နေနိုင်ရိုးလား။ ဒီ ကိုဗစ်-၁၉ ကပ်ဆိုးကြီးဟာ တစ်မျိုးလုံးပြုတ်ပြုတ်ပြုန်းမယ့် အရေးပဲလေ။ ဒီအရေးကိုတော့ ဘယ်သူ၊ ဘယ်အစိုးရတွေကမှ အဖြစ်ခံနိုင်မယ် မထင်ပါဘူး။ အဲဒီလိုအခြေအနေမှာ ဂျပန်နိုင်ငံသာမက တခြားနိုင်ငံတွေလည်း ဒီလိုမျိုးပဲ၊ တစ်ခါတစ်ရံမှာ ဒီထက်ပိုပြီးတော့ ကိုဗစ်-၁၉ ကာကွယ်တားဆီးရေးတွေကို လုပ်ဆောင်ရမှာဖြစ်ပါတယ်။
ကာကွယ်ဆေးဖြန့်ဝေမှုအပိုင်း အတော်နှေး
ဂျပန်နိုင်ငံရဲ့ ကိုဗစ်-၁၉ ကာကွယ်ဆေးရရှိဖြန့်ဝေမှုအပိုင်းမှာ အတော်လေးနှေးပါတယ်။ ဒါကြောင့် တချို့ဒေသတွေမှာ လက်ရှိဖြစ်ပွားနေတဲ့ ကိုဗစ်-၁၉ ကပ်ရောဂါကို ထိန်းချုပ်ဖို့ အနိုင်နိုင်ကြိုးစားနေရတဲ့ကြားက အသွင်ပြောင်း ကိုရိုနာဗိုင်းရပ်စ် မျိုးစိတ်သစ်ရဲ့ ထပ်မံ နှိပ်စက် ကလူပြုခြင်းကို လည်စင်းပြီးခံနေရပါတယ်။ ဒါဟာလည်း ကိုဗစ်-၁၉ လျင်မြန်စွာ ကူးစက်စေတဲ့ အကြောင်းရင်းတစ်ခုဖြစ်သလို ကိုဗစ်-၁၉ လှိုင်းဂယက်ကို ထပ်မံဖြစ်ပွားစေနိုင်တဲ့ အရင်းအမြစ်လည်း ဖြစ်နိုင်ပါတယ်။
အိုဆာကာအုပ်ချုပ်ရေးမှူး ဟီရိုဖူမီ ယိုရှိမူရာက ဂျပန်နိုင်ငံ အနောက်ပိုင်းဒေသရဲ့ ဆေးဘက်ဆိုင်ရာ စနစ်ဟာ ယိုင်လဲသွားပြီလို့ ပြောပါတယ်။ ကိုဗစ်-၁၉ လူနာတွေဟာ လူနာတင်ယာဉ်စောင့်ရင်းနဲ့ သေဆုံးခဲ့ကြတာဟာ ကျန်းမာရေးစနစ် ယိုင်လဲသွားတာကို ပြသတာပါပဲ။ လူနာတွေဟာ ဆေးရုံရောက်ဖို့မပြောနဲ့ လူနာတင်ယာဉ်အလာစောင့်ရင်းပဲ သေဆုံးခဲ့ကြတာပါ။
အမည်စာရင်းထည့်သွင်း
ဖူကူအိုကာနဲ့ အိုင်ချီခရိုင်တွေကို ရက်သတ္တနှစ်ပတ် ကိုဗစ်-၁၉ ကာကွယ်တားဆီးရေး ဆောင်ရွက်ချက်တွေ လုပ်ဆောင်ဖို့ခရိုင်လေးခုထဲကို အမည်စာရင်းထည့်သွင်းခဲ့ပါတယ်။ အဲဒီခရိုင်လေးခု ကတော့ အိုဆာကာ၊ ယိုကို၊ ကျိုတိုနဲ့ မြို့တော်တိုကျိုတို့ပဲဖြစ်ပါတယ်။ တိုကျိုအိုလံပစ်ကို ဇူလိုင် ၂၃ ရက်မှာ ဖွင့်မှာ ဖြစ်ပါတယ်။
စီးပွားရေးဆောင်ရွက်ချက်ကိုကန့်သတ်
ကိုဗစ်-၁၉ အရေးပေါ်အခြေအနေဟာ စီးပွားရေးဆိုင်ရာ လှုပ်ရှားဆောင်ရွက်မှုတွေ ကိုလည်း ကန့်သတ်ထားပါတယ်။ ဘားတွေနဲ့ စားသောက်ဆိုင်တွေကိုလည်း ပိတ်ဖို့၊ ဒါမှမဟုတ် အရက်ရောင်းတာကို ပိတ်ဖို့ပြောလိုက်ပါတယ်။ ရုပ်ရှင်ရုံနဲ့ ကာရာအိုကေဆိုင် တွေကိုလည်း ပိတ်ထားခိုင်းပါတယ်။ အရေးပေါ် အခြေအနေကို ထပ်မံတိုးချဲ့လိုက်သော်လည်း တချို့ စည်းမျဉ်းတွေကိုတော့ မကြာမီ ဖြေလျှော့ပေးတော့မှာ ဖြစ်ပါတယ်။
အဲဒီထဲမှာ သတ်မှတ်ထားတဲ့ ပွဲကြည့်ပရိသတ်အရေအတွက်ကို ပွဲကြည့်ခွင့်ပြုရေး ပါဝင်လာပါတယ်။
၁ဝဝဝဝ ကျော်ပါဝင်ကစားမယ်
ကိုဗစ်-၁၉ ကြောင့် ရွှေ့ဆိုင်းထားတဲ့ ၂ဝ၂ဝ အိုလံပစ်အားကစား ပြိုင်ပွဲမှာ နိုင်ငံနဲ့ ဒေသပေါင်း ၂ဝဝ က အားကစားသမားပေါင်း ၁ဝဝဝဝ ကျော် ပါဝင်ယှဉ်ပြိုင်ကစားကြမှာ ဖြစ်ပါတယ်။
ဆက်လက်ကျင်းပသွားမယ်
အားကစားဥက္ကဋ္ဌ ဆီကိုဟာရှီမိုတိုက ပြိုင်ပွဲစီစဉ်ကျင်းပရေး ကော်မတီအနေဖြင့် အပြည်ပြည်ဆိုင်ရာ အိုလံပစ်ကော်မတီဥက္ကဋ္ဌ သောမတ်စ်ဘတ်ကို ကြိုဆိုသင့်တယ်လို့ ဆိုသော်ငြားလည်း ကိုဗစ်၁၉ အရေးပေါ်အခြေအနေ ကြေညာထားတဲ့ ကာလမှာ ဒါဟာ အခက်အခဲတစ်ခုဖြစ်တယ်လို့ သူက ပြောပါတယ်။
ဂျပန်အစိုးရနဲ့ အားကစားပွဲ စီစဉ်ကျင်းပသူတွေကတော့ ကိုဗစ်-၁၉ အခြေအနေ ဘယ်လောက်ဆိုးဆိုး အဲဒီအားကစားပြိုင်ပွဲကြီးကိုဘေးအန္တရာယ်ကင်းကင်းနဲ့ ဆက်လက်ကျင်းပသွားဖို့ အလေးအနက် တိုက်တွန်းပြောကြားထားပါတယ်။ ။
ကိုးကား -အေအက်ဖ်ပီ