နေပြည်တော် ၂၆ ဇန်နဝါရီ
နေပြည်တော် ဥပ္ပါတသန္တိကုန်းတော်၌ တည်ထားကိုးကွယ်သော ဥပ္ပါတသန္တိစေတီတော် မြတ်ကြီးအား ရွှေစင်ရွှေပြားနှင့် လုံးတော်ပြည့် ရွှေဆေးသင်္ကန်းတော် ကပ်လှူပူဇော်ရေး အလှူတော်ငွေ ပေးအပ်လှူဒါန်းပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် အဆိုပါစေတီတော် ဓမ္မာရုံ၌ ကျင်းပသည်။
အလှူတော်ငွေပေးအပ်ပွဲ အခမ်းအနားသို့ နေပြည်တော် လယ်ဝေးမြို့ ပေါက်မြိုင်ကျောင်းတိုက် ပဓာနနာယက အဘိဓဇမဟာရဋ္ဌဂုရု ဆရာတော် ဘဒ္ဒန္တဇနိန္ဒ အရှင်သူမြတ် အမှူးပြုသော ဆရာတော်သံဃာတော်များ ကြွရောက်ချီးမြှင့်တော်မူပြီး ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦး၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကြည်မင်း၊ နေပြည်တော်ကောင်စီဝင်များ၊ အမြဲတမ်းအတွင်းဝန်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ တာဝန်ရှိသူများနှင့် အလှူရှင်များ တက်ရောက်ကြသည်။
ရှေးဦးစွာ နမောတဿသုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနား ဖွင့်လှစ်ပြီး နေပြည်တော် လယ်ဝေးမြို့ ပေါက်မြိုင်ကျောင်းတိုက် ပဓာနနာယက အဘိဓဇမဟာရဋ္ဌဂုရု ဆရာတော် ဘဒ္ဒန္တဇနိန္ဒထံမှ ငါးပါးသီလခံယူ ဆောက်တည်ကြကာ ပြည်ထောင်စုရှေ့နေချုပ်၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက သံဃာတော်အရှင်သူမြတ်တို့အား လှူဖွယ်ဝတ္ထုပစ္စည်များ ဆက်ကပ်လှူဒါန်းကြသည်။
ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်က ဥပ္ပါတသန္တိစေတီတော် မြတ်ကြီးအား ရွှေစင်ရွှေပြားနှင့် လုံးတော်ပြည့် ရွှေဆေးသင်္ကန်းတော် ကပ်လှူပူဇော်ရေးနှင့် စပ်လျဉ်း၍ ဆရာတော်သံဃာတော်များထံ သာသနာရေးဆိုင်ရာများကို ပန်ကြားလျှောက်ထားသည်။
ထို့နောက် ပြည်ထောင်စုရှေ့နေချုပ်၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများထံ အလှူရှင် ၇၄ ဦးတို့က အလှူငွေများ ပေးအပ်လှူဒါန်းကြပြီး ပြည်ထောင်စုရှေ့နေချုပ်နှင့် တာဝန်ရှိသူများက ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်သည်။
ယင်းနောက် နေပြည်တော် လယ်ဝေးမြို့ ပေါက်မြိုင်ကျောင်းတိုက် ပဓာနနာယက ဆရာတော်ထံမှ ဧည့်ပရိတ်သတ်များက အနုမောဒနာတရားနာယူကြကာ လှူဒါန်းမှု အစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေကြပြီး ဗုဒ္ဓ သာသနံ စိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားကို ရုပ်သိမ်းသည်။
ယနေ့ကျင်းပသည့် ဥပ္ပါတသန္တိစေတီတော်မြတ်ကြီးအား ရွှေစင်ရွှေပြားနှင့် လုံးတော်ပြည့် ရွှေဆေးသင်္ကန်းတော် ကပ်လှူပူဇော်ရေးအတွက် အလှူငွေပေးအပ်ပွဲတွင် အလှူရှင် (၇၄)ဦးတို့၏ လှူဒါန်းမှုစုစုပေါင်းမှာ ရွှေ ၈ ပိဿာ ၉၁ ကျပ်သား ၁၂ ပဲ ၁ ရွေးနှင့် ရွှေစင်ရွှေပြား ၁၅၂ ချပ်နှင့် ရွှေဆေးသင်္ကန်းတော်အတွက် အလှူငွေကျပ် ၁၃၉၀၂၅၄၅၀ (ကျပ်တစ်ထောင့်သုံးရာ ကိုးဆယ်သိန်း နှစ်သောင်းငါးထောင်လေးရာ့ငါးဆယ်) လှူဒါန်းခဲ့ကြောင်း သိရသည်။
စေတနာရှင် အလှူရှင်များအနေဖြင့် ဥပ္ပါတသန္တိစေတီတော်မြတ်ကြီးအား ရွှေစင်ရွှေပြားနှင့် လုံးတော်ပြည့် ရွှေဆေးသင်္ကန်းတော် ကပ်လှူပူဇော်နိုင်ရန် နေပြည်တော်ကောင်စီဝင် ဦးအောင်မြင်ထွန်း၊ ဖုန်း ဝ၆၇-၅၅၀၂၁၃၊ နေပြည်တော်သာသနာရေးမှူးရုံး ညွှန်ကြားရေးမှူး ဖုန်း ဝ၉-၂၁၃၂၁၉၁၊ ဝ၆၇-၅၅၀၃၂၁၊ ဥပ္ပါတသန္တိစေတီတော် ဂေါပကအဖွဲ့ဝင် ဦးထွန်းကြည် ဖုန်း ဝ၉-၅၁၃၅၆၉၈၊ ဝ၆၇-၂၅၉၄၃ တို့သို့ ဆက်သွယ်လှူဒါန်းနိုင်ကြောင်း သိရသည်။
(သတင်းစဉ်)