တိုကျို ၂၁ မေ
ဂျပန်ဆေးဘက်ဆိုင်ရာ ပညာရှင်များအဖွဲ့က အမေရိကန်နိုင်ငံထုတ် Moderna ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးနှင့် ဗြိတိန်နိုင်ငံထုတ် AstraZeneca ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးနှစ်မျိုးကို နိုင်ငံအတွင်း အရေးပေါ်သုံးစွဲရန် ယနေ့အတည်ပြု ခဲ့ကြောင်း သိရသည်။
အဆိုပါကာကွယ်ဆေးနှစ်မျိုးကို ဂျပန်ကျန်းမာရေးဝန်ကြီးဌာနကလည်း မကြာမီ ရက်အနည်းငယ်အတွင်း သုံးစွဲခွင့် ထပ်မံအတည်ပြုနိုင်ဖွယ်ရှိကြောင်း သိရသည်။
ဆေးဘက်ဆိုင်ရာ ပညာရှင်များသည် အဆိုပါကာကွယ်ဆေးနှစ်မျိုး၏ ရောဂါခုခံကာကွယ်နိုင်စွမ်းအပေါ် အခြားနိုင်ငံများတွင်ပြုလုပ်ခဲ့သည့် သုတေသနရလဒ်များ အပါအဝင် ပြည်တွင်း၌ ပြုလုပ်သည့် ဆေးဝါးလက်တွေ့စမ်းသပ်မှုဆိုင်ရာ ရလဒ်များ အပေါ်အခြေခံပြီး အတည်ပြုပေးခဲ့ခြင်းဖြစ်သည်။
အဆိုပါကာကွယ်ဆေးနှစ်မျိုးကို အသက် ၁၈ နှစ်နှင့်အထက်အရွယ် ပြည်သူများအား ထိုးနှံပေးရာတွင် အသုံးပြုဖွယ်ရှိသည်။ သို့သော် AstraZeneca ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးသည် သွေးပျစ်ခဲသည့်ပြဿနာ အနည်းငယ်ရှိသည့်အတွက် ၎င်းကာကွယ်ဆေးထိုးနှံမည့်သူများကို အသက်အပိုင်းအခြား အနည်းငယ် ကန့်သတ် နိုင်ဖွယ်ရှိသည်။ အဆိုပါကာကွယ်ဆေးကို လူငယ်များအား ထိုးနှံပေးရာတွင် ပိုမိုထိရောက်မှုရှိသည်ဟု ဥရောပသမဂ္ဂဆေးဝါးကွပ်ကဲရေးအဖွဲ့၏စစ်တမ်းတစ်ရပ်တွင် ဖော်ပြထားသည်။
Moderna ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို မေ ၂၄ ရက်မှစ၍ တိုကျိုနှင့် အိုဆာကာမြို့များရှိ ပြည်သူများအား ထိုးနှံပေးနိုင်ဖွယ်ရှိသည်။ လက်ရှိအချိန်တွင် ဂျပန်နိုင်ငံအတွင်း၌ Pfizer ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး တစ်မျိုးတည်းကိုသာ အသုံးပြုလျက်ရှိသည်။
ကာကွယ်ဆေးထိုးနှံမှုအစီအစဉ်ကို ဖေဖော်ဝါရီလတွင် စတင်ခဲ့သော်လည်း လက်ရှိအချိန်အထိ ဂျပန်လူဦးရေ၏ ၅ ရာခိုင်နှုန်းထက်မပိုသော အရေအတွက်ကိုသာ ကာကွယ်ဆေး ပထမအကြိမ်ထိုးနှံပေးပြီးဖြစ်သည်။
ကိုဗစ်-၁၉ ရောဂါကူးစက်မှုမြင့်တက်လျက်ရှိသည့်အတွက် တိုကျို၊ အိုဆာကာနှင့် ဟော့ကိုင်းဒိုခရိုင်များအပါအဝင် ခရိုင်ကိုးခုတွင် အရေးပေါ်အခြေအနေ ကြေညာထားသည်။ ဗိုင်းရပ်စ်ကာကွယ်ရေးဆိုင်ရာ တင်းကျပ်သော စည်းမျဉ်းများကိုလည်း မေလကုန်ပိုင်းအထိ ချမှတ်ထားသည်။
လွန်ခဲ့သော ၂၄ နာရီအတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၅၇၀၀ ကျော် ထပ်မံစစ်ဆေးတွေ့ရှိပြီး ၁၀၀ ကျော် ထပ်မံသေဆုံးကြောင်း သိရသည်။ လက်ရှိအချိန်အထိ ဗိုင်းရပ်စ်ကူးစက်ခံရသူပေါင်း ၆၉၈၂၅၄ ဦးရှိပြီး အဆိုပါရောဂါကြောင့် သေဆုံးသူပေါင်း ၁၁၉၄၀ ရှိသည်။
ကိုးကား - အင်န်အိတ်ချ်ကေ၊ ဘာသာပြန် - အောင်ကျော်ကျော်