ဗန်းမောက်  ၂၆ ဇန်နဝါရီ

စစ်ကိုင်းတိုင်းဒေသကြီး ဗန်းမောက်မြို့နယ်လုံးဆိုင်ရာ သျှမ်းနီရိုးရာ ကောက်ဦးဆွမ်းကပ်ပွဲနှင့် သျှမ်းနီ သက္ကရာဇ် ၂၁၁၃ ခုနှစ် နှစ်သစ်ကူး အထိမ်းအမှတ်ပွဲတော်ကို ယနေ့ နံနက် ၉ နာရီက  ဗန်းမောက်မြို့ ဗိုလ်ချုပ်ကြေးရုပ်အနီး မြို့မအားကစားကွင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် ပွဲတော်မုဒ်ဦးကို မြို့နယ် သံဃာ့နာယက ဥက္ကဋ္ဌ လွှစင်ကုန်းကျောင်းဆရာတော် ဦးဝိစိတ္တ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းရွှေ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအေးမင်း၊ ဗန်းမောက်မြို့နယ် သျှမ်းနီ စာပေရိုးရာယဉ်ကျေးမှူး ကော်မတီအတွင်းရေးမှူး ဦးမြင့်အောင်တို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ကြသည်။

ထို့နောက် အခမ်းအနား သဘာပတိ ဦးရီစိန်က အဖွင့်အမှာစကားပြောကြားပြီး စစ်ကိုင်းတိုင်းဒေသကြီး တိုင်းရင်းသားရေးရာ ကော်မတီအဖွဲ့ဝင် ဦးညီညီဟန်၊ စစ်ကိုင်းတိုင်းဒေသကြီး သျှမ်းနီစာပေနှင့် ရိုးရာယဉ်ကျေးမှူ ကော်မတီ ဥက္ကဋ္ဌ ဦးစိုးဝင်း၊ ဗန်းမောက်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးအေးမင်း၊ ဗန်းမောက်မြို့နယ် သျှမ်းနီစာပေ ရိုးရာယဉ်ကျေးမှူး ကော်မတီဥက္ကဋ္ဌ ဦးထွန်းငွေတို့က အမှာစကားများ အသီးသီးပြောကြားကြသည်။ ဆက်လက်၍ သျှမ်းနီ အမျိုးသား အကျိုးဆောင်ကော်မတီ ဥက္ကဋ္ဌ ဦးတင်ငွေလေးက တိုင်းလှိုင် သျှမ်းနီ ဖွံ့ဖြိုးတိုးတက်ရေးမှ ပေးပို့သည့်သဝဏ်လွှာ ဖတ်ကြား၍ ဒို့သျှမ်းနီ အကအလှဖျော်ဖြေရေး အစီစဉ်များဖြင့် ဧည့်ခံဖျော်ဖြေခဲ့သည်။

ညပိုင်းတွင် သျှမ်းနီရိုးရာ အကအလှများနှင့်အတူ အဆိုတော်များက ဧည့်ခံဖျော်ဖြေသွားမည်ဖြစ်ပြီး ဇန်နဝါရီ ၂၇ ရက် နံနက်ပိုင်းတွင် သျှမ်းနီ ကောက်ဦးဆွမ်း ကပ်လှူသွားမည်ဖြစ်ကြောင်း သိရသည်။

ကိုမင်း(အင်းတော်)

 

mdn