ရန်ကုန် ၂၆ ဇန်နဝါရီ
မြန်မာနိုင်ငံ တိုင်းရင်းသားလုပ်ငန်းရှင်များ အသင်းက ကြီးမှူးကျင်းပသည် ‘‘သွေးချင်းတို့ရဲ့ ပွဲတော်ဆီ’’ ပွဲတော် ကုန်စည်ပြပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး တာမွေမြို့နယ် ကျိုက္ကဆံကွင်းတွင် ကျင်းပရာ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး နိုင်သက်လွင် တက်ရောက်သည်။
‘‘သွေးချင်းတို့ရဲ့ ပွဲတော်ဆီ’’ ပွဲတော် ကုန်စည်ပြပွဲ ဖွင့်ပွဲအခမ်းအနားသို့ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ တိုင်းရင်းသားလူမျိုးရေးရာ ဝန်ကြီးများ၊ မြန်မာနိုင်ငံ တိုင်းရင်းသား လုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသော ဧည်သည်တော်များ တက်ရောက်ကြသည်။
ရှေးဦးစွာ ကုန်စည်ပြပွဲ ဖွင့်ပွဲအခမ်းအနားကို တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး နိုင်သက်လွင်နှင့် တာဝန်ရှိသူများက ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးသည်။
ယနေ့ ‘‘သွေးချင်းတို့ရဲ့ ပွဲတော်ဆီ’’ ပွဲတော်တွင် ဖွင့်လှစ်လိုက်သည့် ကုန်စည်ပြပွဲတွင် အဝတ်အထည်၊ လူသုံးကုန်ပစ္စည်း၊ ဆေးဝါး၊ အစားအစာအသီးအနှံ၊ အလှကုန်ပစ္စည်း၊ ကားအရောင်းပြခန်း စသည့် ဆိုင်ခန်းပေါင်း ၂၀ဝ ခန့် ခင်းကျင်းပြသထားကြောင်း သိရသည်။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ တိုင်းရင်းသားလူမျိုးရေးရာ ဝန်ကြီးများ၊ မြန်မာနိုင်ငံတိုင်းရင်းသား လုပ်ငန်းရှင်များ အသင်းမှ တာဝန်ရှိသူများနှင့်အတူ “သွေးချင်းတို့ရဲ့ ပွဲတော်ဆီ’’ ပွဲတော်သို့ ဖျော်ဖြေတင်ဆက်ရန် လာရောက်သည့် ကရင်တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှုအဖွဲ့ ယာဉ်မတော်တဆဖြစ်ပွားပြီး ဒဏ်ရာရရှိကာ အင်းစိန်အထွေထွေရောဂါကု ဆေးရုံတွင် အတွင်းလူနာအဖြစ် ဆေးကုသခံယူနေမှုအား သွားရောက်ကြည့်ရှုအားပေးသည်။
ယာဉ်မတော်တဆဖြစ်ပွားမှုကြောင့် ဒဏ်ရာရရှိခဲ့သည့် ကရင်တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှုအဖွဲ့အား တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာနမှ ငွေကျပ် ၅ သိန်း၊ ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ ကရင်တိုင်းရင်းသားရေးရာဝန်ကြီးမှ ငွေကျပ် ၅ သိန်း၊ မြန်မာနိုင်ငံ ကျောက်မျက်လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌမှ ငွေကျပ် ၁၀ သိန်း၊ မြန်မာနိုင်ငံ တိုင်းရင်းသားလုပ်ငန်းရှင်များအသင်းမှ ၁၀ သိန်း ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
သတင်း- သီသီမင်း/ ဓာတ်ပုံ- အောင်မြင့်(ပြန်/ဆက်)
