မနီလာ ၂၆ ဇန်နဝါရီ
ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ယနေ့ ဒေသစံတော်ချိန် နံနက် ၉ နာရီတွင် ကွီဇုန်မြို့ရှိ ဖိလစ်ပိုင်သတင်းအေဂျင်စီ (PNA) သို့ ရောက်ရှိပြီး သတင်းထုတ်ပြန် ဆောင်ရွက်နေမှုများကို လေ့လာရာ PNA မှ ညွှန်ကြားရေးမှူး Virgina R. Arcilla- Agtay က PNA ၏ သတင်းရယူမှုဆိုင်ရာ မူဝါဒများ၊ PNA ၏ ဖွဲ့စည်းပုံနှင့် နိုင်ငံတစ်ဝန်းရှိ ဒေသအသီးသီးမှ သတင်းစုဆောင်းမှု၊ တည်းဖြတ်မှု၊ ထုတ်ပြန်မှုများ၊ ဆောင်ရွက်နေပုံကို အသေးစိတ် ရှင်းလင်းတင်ပြသည်။
ဆက်လက်၍ ဖိလစ်ပိုင်ပြန်ကြားရေးအေဂျင်စီ (Philippine Information Agency (PIA) သို့ရောက်ရှိရာ ညွှန်ကြားရေးမှူးချုပ် Harold E. Clavide နှင့်တာဝန်ရှိသူများက PIA ၏ သတင်း ပြန်ကြားရေးဆိုင်ရာ မူဝါဒနှင့်လုပ်ငန်းစဉ်များ၊ အများပြည်သူသို့ ရေဒီယို၊ ရုပ်သံနှင့် လူမှုကွန်ရက် မီဒီယာများမှ သတင်းအချက်အလက် ဖြန့်ဝေပေးနေမှုများကို ရှင်းလင်းတင်ပြသည်။

ထို့နောက် ဖိလစ်ပိုင်ရေဒီယို (Radyo Pilipinas) ၏ စတူဒီယိုတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်၊ ဖိလစ်ပိုင်နိုင်ငံ ပြန်ကြားရေးနှင့် ဆက်သွယ်ရေးဝန်ကြီး Jose Ruperto Martin M. Andanar နှင့် ဒုတိယအမြဲတမ်းအတွင်းဝန် ဦးမြင့်ကျော်တို့သည် ဖိလစ်ပိုင်ရေဒီယိုမှ တိုက်ရိုက်ထုတ်လွှင့်သည့် Cabinet Report အစီအစဉ်တွင် နှစ်နိုင်ငံ ပြန်ကြားရေးကဏ္ဍဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးခဲ့မှုနှင့် သတင်းမီဒီယာကဏ္ဍ ပူးပေါင်းဆောင်ရွက်မည့် ကိစ္စရပ်များအား ဆွေးနွေးထုတ်လွှင့်ခဲ့သည်။
ယင်းနောက် ဖိလစ်ပိုင်ရုပ်မြင်သံကြားဌာန (PTV) သို့ရောက်ရှိရာ PTV မှ အရာရှိချုပ် Ms. Alan L.Allanigue က PTV ၏ ရုပ်သံအစီအစဉ် ရိုက်ကူးထုတ်လွှင့်နေမှုများ၊ နိုင်ငံတကာ ရုပ်သံလွှင့်ဌာနများနှင့် ပူးပေါင်း၍ အစီအစဉ်ဖလှယ် ဆောင်ရွက်နေမှုများကို ရှင်းလင်းတင်ပြခဲ့ပြီး PTV စတူဒီယိုတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်အား နှစ်နိုင်ငံအကြား မီဒီယာကဏ္ဍ ပူပေါင်းဆောင်ရွက်မည့် အခြေအနေများနှင့် စပ်လျဉ်း၍ ရုပ်မြင်သံကြား အင်တာဗျူးရိုက်ကူး ဆောင်ရွက်ခဲ့သည်။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ဖိလစ်ပိုင် ရုပ်ရှင်နှင့် ရုပ်သံအစီအစဉ်များ စိစစ်ရေးနှင့် အဆင့်အတန်း သတ်မှတ်ရေးဘုတ်အဖွဲ့ (Movie and Television Review and Classification Board) (MTRCB) သို့ရောက်ရှိရာ MTRCB မှ အမှုဆောင်ညွှန်ကြားရေးမှူး Atty. Ann Marie L. Nemenzo က ရုပ်ရှင်ဇာတ်ကားများနှင့် ရုပ်သံအစီအစဉ်များအား စိစစ်အကဲဖြတ်၍ (Rating) ခွဲခြား သတ်မှတ်ဆောင်ရွက်လျက်ရှိသည့် အခြေအနေများ၊ MTRCB ၏ ဖွဲ့စည်းပုံနှင့် လုပ်ငန်းတာဝန်များကို ရှင်းလင်းတင်ပြပြီး ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့က သိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)
