mdn

နေပြည်တော် ၂၇ ဇန်နဝါရီ

တိုင်းရင်းသားများ၏ ချစ်ကြည်ရင်းနှီးမှုနှင့် စည်းလုံးညီညွတ်မှုတို့ကို ဖော်ဆောင်သည့် ပွဲတော်ကြီးတစ်ရပ်ကို ရန်ကုန်မြို့ ကျိုက္ကဆံကွင်းကြီး၌ ကျင်းပလျက်ရှိရာ မြန်မာနိုင်ငံတစ်ဝန်း တောင်တန်း၊ မြေပြန့်၊ ကုန်းပြင်မြင့်၊ မြစ်ဝှမ်းစသည့် ဒေသအသီးသီးတို့တွင် နေထိုင်လျက်ရှိကြသော တိုင်းရင်းသားလူမျိုးအသီးသီးတို့၏ ဓလေ့ထုံးစံ၊ ယဉ်ကျေးမှု စသည်တို့ကို တစ်နေရာတည်းတွင် တစ်စုတစ်စည်းတည်းတွေ့ရှိလေ့လာ သိရှိနားလည်နိုင်မည့် အခွင့်အရေးကြီးတစ်ခုပင်ဖြစ်သည်။ 

ဇန်နဝါရီ ၂၅ ရက်မှစ၍ ၃၀ ရက်အထိ ခြောက်ရက်တိုင်တိုင် နံနက် ၁၁ နာရီမှသည် ည ၁၀ နာရီအထိ ကျင်းပလျက်ရှိသည့် အဆိုပါ “သွေးချင်းတို့ရဲ့ ပွဲတော်ဆီ” ပွဲတော်ကြီးကို မြန်မာနိုင်ငံ တိုင်းရင်းသား လုပ်ငန်းရှင်များအသင်းက ကြီးမှူးကျင်းပခြင်းဖြစ်သည်ကလည်း ထူးခြားသည်။ တိုင်းရင်းသားလူမျိုး အသီးသီးတို့၏ အကအလှ ဖျော်ဖြေတင်ဆက် မှုများ၊ အလှမယ်ရွေးချယ်ပြိုင်ပွဲနှင့် ပြခန်းများ၊ ကုန်စည်ပြပွဲများ၊ စားဖွယ် သောက်ဖွယ်ဈေးတန်းများ၊ ပျော်ရွှင်ဖွယ်ရာ အစီအစဉ်များ စသည်တို့က သွေးချင်းတို့၏ပွဲတော်ကြီးကို အလှရောင်စုံစီခြယ်လျက်ရှိပြီး လာရောက်လေ့လာကြရန်၊ ပါဝင်နွှဲပျော်ကြရန် လှိုက်လှိုက်လှဲလှဲ ဖိတ်ခေါ်နေသည့်ဟန် ရှိသည်။ 

ပွဲတော်မုခ်ဦးဖွင့်ပွဲနေ့တွင် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး နိုင်သက်လွင် အဖွင့်အမှာစကားပြောကြားရာ၌ “ယခုကဲ့သို့ တိုင်းရင်းသားများပါဝင်သည့် ပွဲတော်များကျင်းပခြင်းကြောင့် တိုင်းရင်းသားများအချင်းချင်း တစ်ဦးနှင့်တစ်ဦး မတူကွဲပြားသည့် ယဉ်ကျေးမှု ဓလေ့ထုံးစံများကို ပိုမိုသိရှိနားလည်လာကြပြီး ရင်းနှီးချစ်ကြည်မှုများ ရရှိလာနိုင်မည်ဖြစ်ကြောင်း၊ ရင်းနှီးချစ်ကြည်မှုမှသည် တစ်ဦးနှင့်တစ်ဦး ချစ်ခင်ယုံကြည်မှုများ တိုးပွားရရှိလာမည်ဖြစ်ကြောင်း၊ သို့မှသာ တိုင်းရင်းသားညီအစ်ကို မောင်နှမများအကြား သံသယကင်းစင်ပြီး ခိုင်မာသည့် ယုံကြည်ချက်များဖြင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အောင်မြင်ရေးနှင့် ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု ဖြစ်ပေါ်ရေးအတွက် ဆွေးနွေး အဖြေရှာနိုင်မည်ဖြစ်ပါ ကြောင်း”ဟူ၍ ထည့်သွင်းပြောကြားချက်သည် ပွဲတော်ကြီးကျင်းပရသည့် ရည်ရွယ်ချက်နှင့် မျှော်လင့်ချက်တို့ပင် ဖြစ်သည်ဟု ဆိုနိုင်မည်ဖြစ်သည်။

 မြန်မာနိုင်ငံသည် လူမျိုးတစ်မျိုးတည်း ထီးတည်းနေထိုင်သည့် နိုင်ငံမဟုတ်။ တိုင်းရင်းသားလူမျိုးများ စုပေါင်းနေထိုင်ကြသည့် ပြည်ထောင်စု နိုင်ငံဖြစ်သည်။ ကမ္ဘာပေါ်ရှိ အချို့သောပြည်ထောင်စုနိုင်ငံမျိုးကဲ့သို့ ရေခြား၊ မြေခြားမှ သွေးမတော် သားမစပ်လူမျိုးများ လာရောက်အခြေချ နေထိုင်ခြင်းမျိုးမဟုတ်ဘဲ နှစ်ပရိစ္ဆေဒများစွာ အတူတကွ နေထိုင်လာ ကြသော သွေးသားရင်းချာများလည်း ဖြစ်ကြသည်။ အရေးကြီးသည့် အချက်မှာ မိမိတို့တိုင်းရင်းသားလူမျိုးများမှာ ရာစုနှစ်နှင့်ချီ၍ ကိုလိုနီလက်အောက် ကျရောက်ခဲ့ပြီး သွေးခွဲ အုပ်ချုပ်မှုကို ခံယူခဲ့ကြရခြင်း၊ ဗဟိုဦးစီးစနစ်များအောက်တွင် ဆယ်စုနှစ်များစွာ နေထိုင်ခဲ့ကြရခြင်း၊ တိုင်းပြည်စီးပွားရေးနိမ့်ကျကာ ဖွံ့ဖြိုးတိုးတက်မှုအနည်းဆုံးနိုင်ငံအဖြစ် ကျရောက်ခဲ့ရခြင်း စသည့် သမိုင်းရေး ပကတိအခြေအနေတို့ကို ဖြတ်သန်း ခဲ့ကြရခြင်းပင်ဖြစ်သည်။ ယင်းအချက်များက ညီအစ်ကိုမောင်နှမ သွေးချင်း သားချင်းတို့အကြား အနေဝေးစရာ၊ အထင်လွဲစရာ၊ သံသယ ဝင်စရာ အကျိုးဆက်များကို သက်ရောက် ဖြစ်ပေါ်စေခဲ့သည်ဟု ရှုမြင်မိသည်။ 

မည်သို့ပင်ဖြစ်စေ ပစ္စုပ္ပန်ကာလသည် ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုကြီး ပေါ်ထွန်းလာရေးအတွက် ပြည်သူက ရွေးကောက်တင်မြှောက်ခဲ့သော ပြည်သူ့အစိုးရက ဦးဆောင်ကာ တိုင်းရင်းသားပြည်သူ တစ်ရပ် လုံးက ကြိုးပမ်းတည်ဆောက်နေကြသည့် အချိန်အခါသမယပင် ဖြစ်သည်။ သွေးသားရင်းချာ ပြည်ထောင်စု ဖွားအချင်းချင်း စည်းလုံးညီညွတ်မှု၊ ရင်းနှီးချစ်ခင်မှု၊ အပြန်အလှန် ဖေးမကူညီမှုတို့ဖြင့် တစ်သွေးတည်း တစ်သားတည်းအဖြစ် ခိုင်မာစွာရပ်တည်နေကြရမည့် အချိန်အခါ သမယလည်း ဖြစ်သည့်အလျောက် မြန်မာနိုင်ငံ တိုင်းရင်းသားလုပ်ငန်းရှင်များအသင်း၏ ကြီးမှူးကျင်းပမှုဖြင့် စည်ကားသိုက်မြိုက်စွာ ဆင်နွှဲ ပျော်ရွှင်လျက်ရှိသော “သွေးချင်းတို့ရဲ့ ပွဲတော်ဆီ” ပွဲတော်ကြီးများ နှစ်စဉ်မပျက် ကြီးကျယ်ခမ်းနားစွာ ဆက်လက်ဆင်နွှဲနိုင်ပါစေကြောင်း။ ။

မြန်မာ့အလင်း