နေပြည်တော် ၂၇ ဇန်နဝါရီ
အခွန်ဆိုသည်မှာ ပြည်သူများ၏ အခြေခံလိုအပ်ချက်ကို ဖြည့်ဆည်းပေး ရန်အတွက်လည်းကောင်း၊ နိုင်ငံတော်အတွင်း လိုအပ်သောအခြေခံအဆောက်အအုံများကို တည်ဆောက်ရန်အတွက်လည်းကောင်း၊ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက်လည်းကောင်း လိုအပ်သောဘဏ္ဍာငွေကိုဖြည့်တင်းနိုင်ရန်အတွက် စုစည်း ကောက်ခံသော ငွေကြေးဖြစ်သည်။ ထို့ကြောင့် အခွန်ငွေသည် နိုင်ငံနှင့် ပြည်သူအကျိုးကို ထိရောက်စွာ ဆောင်ရွက်ရေးအတွက် အဓိကကျသည့် ငွေကြေးဖြစ်သည်။
မြန်မာနိုင်ငံ လွတ်လပ်ရေးရလုနီးကာလ ၁၉၄၇ ခုနှစ် မတ်လ ၂၁ ရက်ည အသံလွှင့်မိန့်ခွန်းတွင် တိုင်းပြည်တာဝန်ထမ်းဆောင်ရေး၌ အခွန်ဘဏ္ဍာအရေးပါပုံကို အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ် အောင်ဆန်းက “ကမ္ဘာပေါ်တွင် မည်သည့်အစိုးရမျှ ငွေမရှိဘဲ တိုင်းပြည် နိုင်ငံအုပ်ချုပ်ရေးတာဝန်ကို ဆောင်ရွက်မသွားနိုင်ချေ။ ထို့ကြောင့် ကိုယ့်အစိုးရအား ကျသင့်သောအခွန်ဘဏ္ဍာများကို ကြည်သာပျူငှာစွာ ပေးဆောင်ခြင်းသည်ပင် လွတ်လပ်သောလူမျိုးအဖြစ် ထင်ရှားစေသော မှတ်ကျောက်ဖြစ်ပေသည်”ဟု ပြောကြားခဲ့သည်။
ပြည်သူ ပြည်သားများ ငြိမ်းချမ်းစွာရပ်တည်နေထိုင်နိုင်ရေးမှာ နိုင်ငံတော်ကို တာဝန်ယူဆောင်ရွက်သော အစိုးရအပေါ်တည်မှီပြီး ထိုအစိုးရသည် ဘဏ္ဍာငွေကြေးရရှိမှုအပေါ် တည်မှီသည်။ ဘဏ္ဍာ ငွေကြေး ရရှိရေးသည် အခွန်ရငွေအပေါ်မူတည်ပြီး အခွန်ငွေသည်လုပ်ငန်းရှင်များ၊ အခွန်ထမ်းဆောင်ထိုက်သော ပြည်သူများအပေါ် မူတည်ပေသည်။ ထို့ကြောင့် တိုင်းပြည်တည်ဆောက်ရာတွင် အခွန်ပေးဆောင်ခြင်းဖြင့် တာဝန်ကျေဂုဏ်ယူကြရမည် ဖြစ်သည်။ နိုင်ငံသားတိုင်းသည် ဥပဒေအရ ပေးဆောင်ရမည့် အခွန် အကောက်များကိုပေးဆောင်ရန် တာဝန်ရှိသည်ဟု ၂၀ဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေတွင်အတိအလင်း ဖော်ပြ ထားသည်။
ဇန်နဝါရီလ ၂၄ ရက်နေ့က နေပြည်တော်ရှိ နိုင်ငံတော်သမ္မတ အိမ်တော် သဘင်ဆောင်၌ ၂၀၁၇-၂၀၁၈ စည်းကြပ်နှစ်အတွက် ဝင်ငွေခွန်၊ ကုန်သွယ်လုပ်ငန်းခွန်နှင့် အထူးကုန်စည်ခွန် အများဆုံးပေးဆောင်ခဲ့ သူများအား နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က ဂုဏ်ထူးဆောင်ဆုနှင့် ဂုဏ်ပြု မှတ်တမ်းလွှာ ပေးအပ်ချီးမြှင့်ခဲ့သည်။ ဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်တစ်ရပ် ထူထောင်နိုင်ရေးတွင် ဘဏ္ဍာငွေကြေးသည် အဓိက လိုအပ်ချက်ဖြစ်သည်။ နိုင်ငံတော်အတွက် လိုအပ်သည့်ဘဏ္ဍာငွေကြေးကို တာဝန်ကျေပွန်စွာ ထမ်းဆောင်ခဲ့ ကြခြင်းအတွက် ဝမ်းမြောက်ဂုဏ်ယူမိသည်။
အဆိုပါ အခမ်းအနားတွင် နိုင်ငံတော်သမ္မတက “နိုင်ငံတော်၏ တည်ငြိမ်အေးချမ်းရေး၊ လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးလုပ်ငန်းများ ဆောင်ရွက်ရာ တွင်လည်း ငွေကြေးလိုအပ်ပါကြောင်း၊ မိမိတို့အစိုးရအနေ ဖြင့် အခွန်စနစ်ကို ကောင်းမွန်လာစေရန်နှင့် အခွန်ယဉ်ကျေးမှု ထွန်းကား လာစေရန် ရေရှည်ရည်မှန်းချက်ပန်းတိုင်များ ချမှတ်ဆောင်ရွက်လျက်ရှိပါကြောင်း” ပြောကြားခဲ့သည်။
မျက်မှောက်ကာလတွင် နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံတော်တည်ဆောက်ရေး၊ ဖွံ့ဖြိုးတိုးတက်ရေး၊ ပြည်သူများ၏ လူမှုစီးပွားဘဝ မြင့်မားတိုးတက်ရေးတို့အတွက် ဆောင်ရွက်နေချိန်တွင် နိုင်ငံတော် တည်ငြိမ် အေးချမ်းရေး၊ လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးလုပ်ငန်းများအား စိန်ခေါ်မှုများ၊ အခက်အခဲများကြားမှ ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။ ထိုသို့ကြိုးပမ်းဆောင်ရွက်ရာတွင် ဘဏ္ဍာငွေကြေးတောင့်တင်း ခိုင်မာရေးကို ဖြည့်ဆည်းဆောင်ရွက်ရသည်။ အခွန်ထမ်းဆောင်သူများက မှန်မှန်ကန်ကန် အခွန်တာဝန်ကျေပွန်စွာ ထမ်းဆောင်ကြခြင်းသည်ဘဏ္ဍာငွေကြေးဖြည့်ဆည်းရေးတွင် အင်အားတစ်ရပ်ဖြစ်စေသည်။
သို့ဖြစ်ရာ အခွန်ထမ်းလုပ်ငန်းရှင်ကြီးများနှင့် အခွန်ထမ်းပြည်သူများ အားလုံးအနေဖြင့် မိမိတို့၏ လုပ်ငန်းများကို အောင်မြင်စွာလုပ်ကိုင်နိုင်ကြပြီး အခွန်ယဉ်ကျေးမှုတွင် အားလုံးပါဝင်လာကြကာ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေး၊ နိုင်ငံတော်တည်ငြိမ်အေးချမ်းပြီး ဖွံ့ဖြိုးတိုးတက်ရေးအတွက် မိမိအကျိုး၊ နိုင်ငံတော်အကျိုးကိုအချိုးကျမျှတစွာ ပါဝင်ဆောင်ရွက်နိုင်ကြလိမ့်မည်ဟု ယုံကြည်ပါ ကြောင်း။ ။
ကြေးမုံ