မောင်တော၊ ၁၂ ဇွန်
ရခိုင်ပြည်နယ်၊ မောင်တောမြို့၌ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ဇွန် ၃ ရက်တွင် နယ်စပ်ဖြတ်ကျော်ခိုးဝင်လာသူ မိသားစု နှစ်စု ဖမ်းဆီးရမိခဲ့ရာ ၎င်းတို့အား Home Quarantine ထားရှိခဲ့ပြီး ဇွန် ၇ ရက်တွင် Standard Q Covid-19 Antigen Test ဖြင့် ပထမအကြိမ် စစ်ဆေးခဲ့ရာ ရောဂါပိုးမတွေ့ရှိဘဲ ထပ်မံ၍ ဒုတိယအကြိမ်အဖြစ် ဇွန် ၁၀ ရက်တွင် Swab နမူနာရယူခဲ့ပြီး စစ်တွေမြို့ ဓာတ်ခွဲဌာနသို့ ပို့ဆောင်၍ သီးသန့်စစ်ဆေးရာ နယ်စပ်ဖြတ်ကျော် ခိုးဝင်လာသူ မိသားစုနှစ်စု လူ ကိုးဦးအနက်မှ အမျိုးသားတစ်ဦးမှာ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိကြောင်း မောင်တောမြို့နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ သိရှိရသည်။
အဆိုပါ ပိုးတွေ့လူနာ အမျိုးသားတစ်ဦးသည် မောင်တောမြို့နယ် ပြည်သူ့ဆေးရုံရှိ ကိုဗစ်-၁၉ အတည်ပြု သီးသန့်ဆောင်တွင် ကျန်းမာရေးစောင့်ရှောက်မှု ခံယူလျက်ရှိပြီး ကျန်ရှိသော မိသားစုဝင်များကို Quarantine ထားရှိကာ ယခုအခါ မောင်တောမြို့ ပြည်သူ့ဆေးရုံ၌ ဇွန် ၁၀ ရက်တွင် တစ်ဦး၊ ဇွန် ၁၁ ရက်တွင် တစ်ဦး စုစုပေါင်း နှစ်ဦး ရှိပြီဖြစ်ကြောင်း ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
သက်လွင်စိုး(ပြန်/ဆက်)


