ရန်ကုန် ၁၃ သြဂုတ် 

 

မြန်မာနိုင်ငံသို့ နိုင်ငံခြားခရီးသွားဧည့်သည် ဝင်ရောက်မှုမှာ ယခင်နှစ်ကထက် ၁ ရာနှုန်းကျော် ပိုမိုဝင်ရောက် လျက်ရှိကြောင်း ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန(ရန်ကုန်တိုင်းဒေသကြီးရုံးခွဲ)ထံမှ စုံစမ်းသိရှိရသည်။

 

၂၀၁၇ ခုနှစ် ဇန်နဝါရီလမှ ဇူလိုင်လအထိ နိုင်ငံခြားခရီးသွားဧည့်သည် ဝင်ရောက်မှုနှုန်းထက် ၂၀၁၈ ခုနှစ် ဇန်နဝါရီလမှ ဇူလိုင်လအထိ ခရီးသွားဧည့်သည်ဝင်ရောက်မှုနှုန်းမှာ ၁ ရာနှုန်းကျော် ပိုမိုခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

 

ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန(ရန်ကုန်တိုင်းဒေသကြီးရုံးခွဲ)၏ မှတ်တမ်းများအရ ရန်ကုန်တိုင်းဒေသ ကြီးအတွင်း၌ ဟိုတယ်နှင့်တည်းခိုခန်း အရေအတွက် ၃၉၉ လုံးရှိပြီး ဧည့်သည်များတည်းခိုနိုင်ရန် အခန်း ၂၀၈၄၅ ခန်းရှိကြောင်း သိရသည်။

 

ရန်ကုန်တိုင်းဒေသကြီးအတွင်းသို့ ပြည်ပနိုင်ငံများမှ နိုင်ငံခြားခရီးသွားဧည့်သည်ဝင်ရောက်မှုမှာ မေလတွင် ၈၃၈၉၄ ဦး၊ ဇွန်လတွင် ၇၅၄၈၈ ဦးနှင့် ဇူလိုင်လတွင် ၈၁၁၃၃ ဦး ဝင်ရောက်ခဲ့သည်။ အိမ်နီးချင်း အာရှနိုင်ငံများမှ အများဆုံးလာရောက်သူများထဲတွင် ထိုင်းလူမျိုး၊ တရုတ်လူမျိုးနှင့် ဂျပန်လူမျိုးများ အများဆုံး ဖြစ်ပြီး ဥရောပတိုက်နိုင်ငံများမှ ပြင်သစ်၊ အင်္ဂလန်၊ ဂျာမနီလူမျိုးများ လာရောက်ကာ အမေရိကတိုက်မှ အမေရိ ကန်လူမျိုးများ လာရောက်ကြလေ့ရှိကြောင်း သိရသည်။

 

ဒီဂျစ်တယ်အွန်လိုင်း နည်းပညာများတိုးတက်ပြောင်းလဲမှုကြောင့် ခရီးသွားများအနေဖြင့် မိမိသွားလိုသည့်ခရီးနှင့် ပတ်သက်သည့်အကြောင်းအရာသတင်းအချက်အလက်များကို လူမှုကွန်ယက်စာမျက်နှာများမှ လေ့လာပြီးသွား ရောက်ကြသည့်အတွက် ခရီးသွားလုပ်ငန်းများနှင့်ချိတ်ဆက်သွားလာခြင်းမျိုး နည်းပါးသွားကြောင်းသိရသည်။

 

မြန်မာနိုင်ငံဟိုတယ်ဆိုင်ရာလုပ်ငန်းရှင်များအသင်းမှလည်း ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် ခရီး သွားဈေးကွက်မြှင့်တင်ခြင်း၊ ခရီးစဉ်ဒေသများပြန်လည်ဖော်ထုတ်ခြင်းနှင့် ခရီးစဉ်များသို့သွားလာရာတွင် အဆင် ပြေချောမွေ့စေရေးအတွက် လိုအပ်သောကိစ္စရပ်များဖြည့်ဆည်းဆောင်ရွက်ပေးခြင်းနှင့် လက်တွေ့ဆောင် ရွက်ရာတွင် တွေ့ကြုံနေရသော အခက်အခဲများအကြောင်းကို ကဏ္ဍ(၃)ရပ်ခွဲခြား၍ အမျိုးသားခရီးသွားဖွံ့ဖြိုး တိုးတက်ရေးဗဟိုကော်မတီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဒုတိယသမ္မတထံ တင်ပြထားကြောင်း သိရသည်။

 

ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန၏ ထုတ်ပြန်မှုများအရ ၂၀၁၈ ခုနှစ်၊ ဇူလိုင်လ ၃၁ ရက်နေ့အထိ ပုဂ္ဂလိ က၊ ဖက်စပ်နှင့် နိုင်ငံခြားသား ခရီးသွားလုပ်ငန်းလိုင်စင်ရရှိထားသူ ၂၈၀၂ ဖြစ်ပြီး ဧည့်လမ်းညွှန်လုပ်ငန်းလိုင်စင် ၄၄၀၄ ခုဖြစ်ကာ ဒေသဆိုင်ရာဧည့် လမ်းညွှန်လုပ်ငန်းလိုင်စင် ၃၈၀၃ ခု ဖြစ်ကြောင်း သိရသည်။ 

 

ထင်ပေါ်ဝင်း၊