လွယ်ဂျယ် ၂၇ ဇန်နဝါရီ
ကချင်ပြည်နယ် မိုးမောက်မြို့နယ် လွယ်ဂျယ်မြို့နှင့် တရုတ်နိုင်ငံ နယ်နိမိတ်စည်းမျဉ်းအနီးရှိ တရုတ်နိုင်ငံ လားရင်းကျေးရွာ၌ ဇန်နဝါရီ ၂၅ ရက် နံနက် ၈ နာရီခန့်က တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်၊ ကျန်းဖုန်းမြို့နယ်၊ လုံချွမ်ခရိုင်ရဲတပ်ဖွဲ့က မှောင်ခိုကုန်ပစ္စည်းသယ်ယူသူများအား ဖမ်းဆီးမည်ဟု ဆိုင်းဘုတ်စိုက်ထူခဲ့ကြောင်း သိရသည်။

ကချင်ပြည်နယ် မိုးမောက်မြို့နယ် လွယ်ဂျယ်မြို့နှင့် တရုတ်နိုင်ငံ လားရင်းကျေးရွာတို့ နယ်နိမိတ်ခြင်း ထိစပ်နေသည့် မိုးမောက်မြို့နယ်၊ လွယ်ဂျယ်မြို့၊ အောင်ချမ်းသာရပ်ကွက်၊ ပြည်သူ့ဆေးရုံကုန်းလမ်းမှ တရုတ်နိုင်ငံဘက်သို့ တရားမဝင် ဝင်ရောက်သည့် လမ်းကြောင်းတစ်ခုဖြစ်သော ဝါးရုံတောလမ်း(ဒေသအခေါ်) အနီး မြန်မာ-တရုတ်နှစ်နိုင်ငံနယ်စပ်စည်းမျဉ်းနှင့်မီတာ ၂၀ဝ ခန့်အကွာ နယ်စပ်မှတ်တိုင် ၅၀ နှင့် ၅၁ အကြား တရုတ်နိုင်ငံဘက်ခြမ်း လားရင်းကျေးရွာတွင် တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်၊ ကျန်းဖုန်းမြို့နယ်၊ လုံချွမ်ခရိုင် ရဲတပ်ဖွဲ့ဝင်များက မြန်မာ-တရုတ်နှစ်ဘာသာဖြင့် ရေးသားထားသည့် ဆိုင်းဘုတ်ကို စိုက်ထူထားကြောင်း သိရသည်။
လွယ်ဂျယ်နယ်စပ်ကုန်သွယ်ရေးစခန်းတွင် နိုင်ငံတော်သို့ အခွန်ဆောင်၍ ဆန်နှင့်ပြောင်းသယ်ယူရောင်းချနေသည့် ကုမ္ပဏီပေါင်း ၃၀ ခန့်ရှိပြီး တရုတ်နိုင်ငံတွင်းသို့ တရားမဝင်နည်းလမ်းဖြင့် အဆိုပါလမ်းကြောင်းမှ တင်သွင်းနေခြင်းကြောင့် တားမြစ်ပိတ်ပင်ဆိုင်းဘုတ်အား စိုက်ထူခြင်းဖြစ်ကြောင်း၊ လုံချွမ်ခရိုင်ရဲတပ်ဖွဲ့ အနေဖြင့် တရားမဝင်လမ်းကြောင်း၌ တွေ့ရှိသည့် ဆန်သယ်ယူမော်တော်ယာဉ် ၁၂ စီးအား ဖမ်းဆီးခဲ့ပြီး ကျန်းဖုန်းမြို့သို့ ခေါ်ဆောင်အရေးယူထားကြောင်း သိရသည်။
ဝင်းနိုင်(ကချင်မြေ)
