နေပြည်တော် ၂၇ ဇန်နဝါရီ
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းသည် စင်ကာပူနိုင်ငံတွင် ဇန်နဝါရီ ၂၄ ရက်မှ ၂၅ ရက်အထိ ကျင်းပပြုလုပ်ခဲ့သော အာရှ - ပစိဖိတ်ဒေသ ပတ်ဝန်းကျင်ဆိုင်ရာဝန်ကြီးများ၏ တတိယအကြိမ်မြောက် ညီလာခံသို့ အာရှ - ပစိဖိတ်ဒေသတွင်း နိုင်ငံပေါင်း (၄၁) နိုင်ငံမှ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးများနှင့်အတူ တက်ရောက်ခဲ့သည်။
အဆိုပါ အစည်းအဝေးတွင် အာရှ - ပစိဖိတ်ဒေသ ကုလသမဂ္ဂပတ်ဝန်းကျင်ဆိုင်ရာ ညီလာခံဆုံးဖြတ်ချက်များအား အကောင်အထည်ဖော်မှုအခြေအနေကို သုံးသပ်ခြင်း၊ ဒေသတွင်း ရေရှည်တည်တံ့သော ထုတ်လုပ်မှုနှင့် စားသုံးမှုတို့အတွက် ဆန်းသစ်သော နည်းလမ်းများဖြင့် ဆောင်ရွက်နိုင်ရေး မူဝါဒပိုင်းနှင့် ငွေကြေးဆိုင်ရာ ထောက်ပံ့ပေးခြင်း၊ ဒေသအတွင်း ဦးစားပေး ဆောင်ရွက်ရမည့်ကိစ္စများ သတ်မှတ်ခြင်းနှင့် ပြဿနာများအဖြေရှာမှုအတွက် ပုဂ္ဂလိကကဏ္ဍနှင့် ဆွေးနွေးခြင်း၊ ရေရှည်ဖွံ့ဖြိုးတိုးတက်မှု ပန်းတိုင်သို့ရောက်ရှိရန် ဒေသတွင်းရင်ဆိုင်လျက်ရှိ သည့် စိန်ခေါ်မှုများကို ဆွေးနွေးခြင်းနှင့် နိုင်ငံတကာ ကတိကဝတ်များတွင် ပါဝင်ဆောင်ရွက် နေမှုများကို အဓိကထား ဆွေးနွေးကြသည်။
ထို့အပြင် ရာသီဥတုပြောင်းလဲမှု၊ သဘာဝဘေးအန္တရာယ်၊ အစားအစာ၊ စွမ်းအင်နှင့် ရေ လုံလောက်စွာ ရရှိနိုင်မှုများ၌ စွမ်းဆောင်ရည်မြင့်မားရန် ဆောင်ရွက်ရမည့်ကိစ္စများ၊ ကြုံတွေ့ရ သည့် စိန်ခေါ်မှုများ၊ ရေရှည်တည်တံ့သော ထုတ်လုပ်မှုနှင့် စားသုံးမှုစနစ် ဖွံ့ဖြိုးတိုးတက်လာ ရေးအတွက် ပိုမိုအရှိန်အဟုန်မြှင့် ဆောင်ရွက်သွားရန် လိုအပ်မှုတို့ကို ဆွေးနွေးကြသည်။

ဇန်နဝါရီ ၂၄ ရက် နံနက်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းသည် ဂျပန်နိုင်ငံ ပတ်ဝန်းကျင်ရေးရာ ဝန်ကြီးဌာန၏ ကမ္ဘာ့ပတ်ဝန်းကျင် ကိစ္စရပ်များဆိုင်ရာ ဒုတိယဝန်ကြီးနှင့် တွေ့ဆုံ၍ စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှုနှင့် ပတ်ဝန်းကျင်ထိခိုက်မှု ဆန်းစစ်ခြင်းဆိုင်ရာများ၊ စွန့်ပစ် ပစ္စည်းများနှင့် သဘာဝပတ်ဝန်းကျင်နှင့် လူသားတို့၏ ကျန်းမာရေးကို ထိခိုက်စေသည့် လေထု၊ မြေထု၊ ရေထု ညစ်ညမ်းမှုများ လျှော့ချရေးဆိုင်ရာများ၊ စွန့်ပစ်အမှိုက်မှ စွမ်းအင်ထုတ်လုပ်မှု ဆိုင်ရာများ၊ စွန့်ပစ်ပစ္စည်း စီမံခန့်ခွဲမှုအတွက် မူဝါဒ၊ ဥပဒေ စည်းမျဉ်းစည်းကမ်းနှင့် ညွှန်ကြား ချက်ဆိုင်ရာများ၊ ဂျပန် - မြန်မာ ပတ်ဝန်းကျင်ထိန်းသိမ်းရေး သီတင်းပတ်အထိမ်းအမှတ်ပွဲ ကျင်းပရေး၊ ဝန်ထမ်းများ၏ အရည်အသွေးနှင့် စွမ်းဆောင်ရည်မြှင့်တင်ခြင်းအတွက် ပူးပေါင်း ကူညီဆောင်ရွက်မည့် အစီအစဉ်များကို ဆွေးနွေးကြသည်။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် စင်ကာပူနိုင်ငံ ပတ်ဝန်းကျင်နှင့် ရေအရင်းအမြစ် ဆိုင်ရာဝန်ကြီးဌာန ဝန်ကြီး နှင့်တွေ့ဆုံ၍ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ စိန်ခေါ်မှုများ၊ စားနပ် ရိက္ခာဖူလုံမှု၊ ရာသီဥတုပြောင်းလဲမှု လျှော့ချရေးနှင့် လိုက်လျောညီထွေရှိရေး ဆောင်ရွက်မှုများ၊ ရေရှည်ဖွံ့ဖြိုးတိုးတက်မှု ပန်းတိုင်သို့ပြည့်မီရန် ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာများ၊ စွမ်းဆောင်ရည်မြှင့်တင်ခြင်းဆိုင်ရာ ပူးပေါင်းကူညီမှုအစီအစဉ်များနှင့် နှစ်နိုင်ငံအကြား ပူးပေါင်း ဆောင်ရွက်မှုနှင့် ဆက်လက်ဆောင်ရွက်မည့်လုပ်ငန်းများကို ဆွေးနွေးကြသည်။
ဇန်နဝါရီ ၂၅ ရက်တွင် အာရှ - ပစိဖိတ်ဒေသ ပတ်ဝန်းကျင်ဆိုင်ရာဝန်ကြီးများ ညီလာခံ၌ ၂၀၁၉ ခုနှစ် မတ်လအတွင်း ကင်ညာနိုင်ငံ နိုင်ရိုဘီမြို့တွင်ကျင်းပမည့် စတုတ္ထအကြိမ်မြောက် ကုလသမဂ္ဂ ပတ်ဝန်းကျင်ဆိုင်ရာညီလာခံတွင် ဆုံးဖြတ်ရမည့်အချက်များ နှင့်စပ်လျဉ်းသည့် ကြေညာစာတမ်းကို အစည်းအဝေးတက်ရောက်ကြသည့် ဝန်ကြီးများက အတည်ပြုထုတ်ပြန်ကြ သည်။
(သတင်းစဉ်)
