နေပြည်တော် ၁၇ သြဂုတ်
မြန်မာနိုင်ငံသို့ နိုင်ငံခြားခရီးသွားများ ဝင်ထွက်လည်ပတ်လျက်ရှိရာ တာချီလိတ်နယ်စပ်ဝင်/ ထွက် ပေါက်မှတစ်ဆင့် သြဂုတ်လ (၁၀) ရက်နေ့မှ သြဂုတ်လ (၁၆)ရက်နေ့အထိ ညအိပ်/ နေ့ချင်းပြန်ခရီးစဉ် လာရောက်လည်ပတ်ကြသည့် ထိုင်းနိုင်ငံသားနှင့် တတိယနိုင်ငံသား အများစုပါဝင်သော နိုင်ငံခြားသားခရီးသွား ဧည့်သည် (၂၄၉၃၇) ဦး၊ မိုင်းဖြတ်၊ ကျိုင်းတုံ ခရီးစဉ်အနေဖြင့် နိုင်ငံခြားသားခရီးသွားဧည့်သည် (၁၀ဝ) ဦး၊ ဗီဇာဖြင့်လာရောက် လည်ပတ်ကြသည့် နိုင်ငံခြားသားခရီးသွားဧည့်သည် (၁၂၂) ဦးရှိကြောင်း ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန အချက်အလက်များအရ သိရသည်။
နေ့ချင်းပြန်ခရီးစဉ် လာရောက်လည်ပတ်ကြသော ခရီးသွားဧည့်သည်အများစုသည် တာချီလိတ်မြို့ရှိ အထင်ကရ နေရာများဖြစ်သော တာလော့ဈေး၊ ဘုရင့်နောင်ရုပ်တု၊ မဟာမြတ်မုနိဘုရားကြီး၊ ဝမ်ကောင်းဈေး၊ ကိုးမြို့ရှင်နတ်နန်း၊ ရွှေတိဂုံစေတီတော်၊ မြို့လယ်ဓမ္မာရုံ၊ ပဒေါင်ကျေးရွာ၊ နဂါးနှစ်ကောင် ဆရာတော်ကျောင်း၊ ကွမ်ရင်မယ်တော် တရုတ်ဘုံကျောင်း၊ ကျောက်တန်းဈေးများသို့ သွားရောက်လည်ပတ်ကြသည်။
ညအိပ်ခရီးစဉ် လာရောက်လည်ပတ်ကြသည့် နိုင်ငံခြားသား ခရီးသွားဧည့်သည်များသည် မိုင်းဖြတ်မြို့ရှိ မြတ်စွာဘုရား ခြေတော်ရာစေတီ၊ ဈေးတန်းကြီးဘုန်းကြီးကျောင်း၊ သမိုင်းဝင်ဆုတောင်းပြည့် ဆံတော်ရှင်စွန်တောင်းစေတီ၊ ကျိုင်းတုံမြို့အဝင် ဗုဒ္ဓဥယျာဉ်နှင့် ကျိုင်းတုံမြို့ရှိ မဟာမြတ်မုနိ၊ ဟိုခုံကျောင်း၊ မြဘုရားကျောင်း၊ ကျိုင်းရင်းဘုန်းကြီးကျောင်း၊ ဝပ်အင်းကျောင်း၊ စွန်တောင်စေတီ၊ ကျော့မ်ဆရီစေတီ၊ ရမ်ကုန်းကျောင်း၊ ပါလျန်ကျောင်း၊ ရပ်တော်မူ၊ သစ်တစ်ပင်တောင်၊ ကမ္ဘာအေး စေတီ၊ စံပြယန်းလောကျေးရွာ၊ ကတ်တောင်ကျေးရွာအနီးရှိ ကိုးထပ်ရေတံခွန်စသည့် အထင်ကရနေရာများသို့ သွားရောက် လည်ပတ်ကြကြောင်း သိရသည်။
တာချီလိတ် နယ်စပ်ဝင်ပေါက်မှတစ်ဆင့် ဝင်ရောက်သည့် နိုင်ငံခြားခရီးသွားဧည့်သည် အရေအတွက်မှာ ၂၀၁၈ ခုနှစ်၊ ဧပြီလ(၁)ရက်နေ့မှ သြဂုတ်လ(၁၆)ရက်နေ့အထိ ထိုင်းနိုင်ငံသားနှင့် တတိယနိုင်ငံသားအများစုပါဝင်သော နေ့ချင်းပြန်ခရီးသည် စုစုပေါင်းမှာ (၃၃၁၈၂၈) ဦးဖြစ်ပြီး မိုင်းဖြတ်၊ ကျိုင်းတုံခရီးစဉ်အနေဖြင့် ခရီးသည် စုစုပေါင်း (၃၄၄၈) ဦးနှင့် ဗီဇာဖြင့် တာချိတ်လိတ်မှတစ်ဆင့် လေယာဉ်ခရီးစဉ်ဖြင့် ပြည်တွင်းသို့ ဝင်ရောက်လည်ပတ်သည့် ခရီးသည်စုစုပေါင်း (၂၆၉၀) ဦးတို့ လာရောက်လည်ပတ်ခဲ့ကြောင်း သတင်းရရှိသည်။
MDN