ကန့်ဘလူ ၁၉ ဩဂုတ်
ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ်ရှိ ချပ်သင်းတောရိုင်း တိရစ္ဆာန် ဘေးမဲ့တောသို့ လာရောက်လည်ပတ်သည့် ခရီးသွားဧည်သည်များ မြန်မာ့ရွှေသမင်ကို အလွယ်တကူ ကြည့်ရှုလေ့လာနိုင်ရန် ခြံလှောင်မွေးမြူပြသမည့် စနစ်တစ်ခု ထည့်သွင်းစီစဉ်လျက်ရှိကြောင်း သိရသည်။
“ချပ်သင်း တောရိုင်းတိရစ္ဆာန် ဘေးမဲ့တော စမ်းမြောင်စခန်းရှိ သမင်ခြံသည် ၅ ဧကကျယ်ဝန်းပြီး ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် ခွင့်ပြုရန်ပုံငွေကျပ် ၄၈ ဒသမ ၅ သန်းဖြင့် ရွှေမြေပဒေသာကုမ္ပဏီက ယခုနှစ် ဖေဖော်ဝါရီလ ပထမပတ်က စတင်တည်ဆောက်ခဲ့ရာ ယခုအခါ ပြီးစီးနေပြီဖြစ်ကြောင်း၊ သမင်ခြံဆောက်လုပ်ရခြင်းမှာ ချပ်သင်းဘေးမဲ့တောသို့ လာရောက်လေ့လာသည့် ခရီးသွားဧည့်သည်များ အနေဖြင့် တောတွင်း သဘာဝအတိုင်း ကျင်လည်ကျက်စားနေသည့် မြန်မာ့ရွှေသမင်များကို လိုက်လံကြည့်ရှုရန် အချိန်မရပါက ခြံအတွင်းပြသထားသည့် ရွှေသမင်များကို အလွယ်တကူ ကြည့်ရှုလေ့လာခွင့်ရရန် ဆောင်ရွက်ခြင်းဖြစ်ကြောင်း” ဘေးမဲ့တောအုပ်ချုပ်ရေးမှူး ဦးမင်းဆွေက ပြောပြသည်။
အလားတူ သမင်ခြံနှင့် ဆက်စပ်၍ စမ်းမြောင်စခန်းတွင် ဖွင့်လှစ်ပြသထားသော ချပ်သင်းဘေးမဲ့တော သဘာဝသမိုင်းပြတိုက်၌ ချပ်သင်းဘေးမဲ့တော၏ နေရင်းသဘာဝ တောကောင်များ၊ လိပ်ပြာနှင့် အင်းဆက်များ၊ ကုန်းနေ ရေနေ တွားသွားသတ္တဝါများ၊ ငှက်မျိုးစိတ်များ စသည်တို့ကို အချက်အလက်မှတ်တမ်းများ၊ ဓာတ်ပုံများ၊ ရုပ်လုံးသွင်းအကောင်များ၊ ဆေးစိမ်အကောင်များ အစရှိသဖြင့် လေ့လာကြည့်ရှုနိုင်မည်ဖြစ်ကြောင်း သိရသည်။
ချပ်သင်းတောရိုင်းတိရစ္ဆာန် ဘေးမဲ့တောအတွင်း သားငှက်တိရစ္ဆာန်များအနေဖြင့် သမင်၊ ချေ၊ ခွေးအ၊ တောကြောင်၊ မျောက်စပ်၊ လိပ်ဝါ၊ တောဝက်၊ ရှဉ့် စသည့် နို့တိုက်သတ္တဝါများ၊ မြွေမျိုးစိတ်များ၊ နဖားကြူး၊ စွေ့၊ ဆောင်းခိုငှက်များနှင့် ဒေသရင်း ငှက်မျိုးစိတ် ၂၄၁ မျိုး၊ ကုန်းနေ ရေနေ တွားသွားသတ္တဝါ ၅၄ မျိုး၊ လိပ်ပြာမျိုးစိတ် ၆၅ မျိုးနှင့် အင်းဆက်ပိုးမွှားများကို လေ့လာနိုင်ကြောင်း သိရသည်။
ချပ်သင်းဘေးမဲ့တောကို မျိုးသုဉ်းမည့် အန္တရာယ်နှင့် ရင်ဆိုင်နေရသည့် မြန်မာ့ရွှေသမင်နှင့် ယင်းတို့ မှီခိုတောများကို ကာကွယ်ထိန်းသိမ်းရန်၊ သဘာဝဝန်းကျင် ရေမြေအပါအဝင် အခြားဇီဝမျိုးစုံ မျိုးကွဲများအား ရေရှည်တည်တံ့နိုင်ရေးနှင့် အင်တိုင်းတော ဂေဟစနစ်ကို ကာကွယ်ထိန်းသိမ်းသွားရန်၊ သဘာဝဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ ပညာပေးဌာန တစ်ခုအဖြစ် ရပ်တည်ဆောင်ရွက်သွားရန်၊ သဘာဝဝန်းကျင် သိပ္ပံပညာရပ်မြှင့်တင်နိုင်ရန်၊ သုတေသနလုပ်ငန်းများအား အကောင်အထည်ဖော် ဆောင်ရွက်သွားရန်၊ ဒေသန္တရ ဖွံ့ဖြိုးရေးနှင့် သဘာဝအခြေခံ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးရေးဆောင်ရွက်သွားရန် ရည်ရွယ်ချက်များဖြင့် ထိန်းသိမ်းကာကွယ်လျက်ရှိသည်။
ဘေးမဲ့တောအတွင်း အချိန်ယူ၍ သဘာဝအတိုင်း ကျက်စားမှုများကို လေ့လာကြည့်ရှုလိုသည့် ခရီးသွား ဧည့်သည်များ တည်းခိုနားနေနိုင်ရန်အတွက် ဧည့်သည် ၁၆ ဦး တည်းခိုနိုင်မည့် ရှစ်ခန်းတွဲ တစ်ထပ်သစ်လုံးအိမ် ဧည့်ရိပ်သာတစ်လုံးကိုလည်း သမင်ခြံနှင့် ပြတိုက်တည်ရှိရာ စမ်းမြောင်စခန်းတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ အစီအစဉ်ဖြင့် ဆောက်လုပ်လျက်ရှိရာ ဧည့်ရိပ်သာဆောက်လုပ်မှုမှာ ၅၅ ရာခိုင်နှုန်းကျော် ပြီးစီးနေပြီဖြစ်ကာ ဧည့်သည်ဝင်ရောက်မှုပမာဏ အနည်းအများပေါ် မူတည်၍ ဆလိုက်ရှိုးများဖြင့်လည်း ဘေးမဲ့တော ဝန်ထမ်းများက ပရိုဂျက်တာဖြင့် ရှင်းလင်းပြသသွားမည့် အစီအစဉ်များလည်း ပါရှိကြောင်း သိရသည်။
လာရောက်လေ့လာသူ ဧည့်သည်များအနေဖြင့် စမ်းမြောင်စခန်း ဧည့်ရိပ်သာတွင်တည်းခိုပြီး ပြတိုက်၊ သမင်ခြံတို့မှတစ်ဆင့် ဘေးမဲ့တောအတွင်း အထူးထိန်းသိမ်းရေးဇုန်၌ တည်ရှိသည့် ကင်းစမ်းစခန်း ဧရိယာသို့ လည်းကောင်း၊ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးဇုန်အတွင်း တည်ရှိသည့် တံခွန်တိုင်စခန်းနှင့် ကျေးအင်းရေပြင် ဧရိယာများသို့လည်းကောင်း သွားရောက်ပြီး မြန်မာ့ရွှေသမင်များနှင့် တောရိုင်းတိရစ္ဆာန်များ၊ ဒေသရင်းငှက်မျိုးများနှင့် ဆောင်းခိုငှက်မျိုးစိတ်များ၊ ကျေးအင်းအတွင်း ပေါက်ပွားနေသော ရေနေသတ္တဝါ မျိုးစိတ်များနှင့် ကုန်းနေရေနေ သတ္တဝါမျိုးစိတ်များ၊ သစ်ခွအမျိုးမျိုးနှင့် ဆေးဘက်ဝင်အပင်များ၊ အင်တိုင်းတော ဂေဟစနစ်မှ လူသားတို့အကျိုးအတွက် အထောက်အပံ့ပြုမည့် အသေးစား သစ်တောထွက် ပစ္စည်းအမျိုးမျိုးနှင့် သစ်ပင်မျိုးစိတ်များကိုလည်း လေ့လာနိုင်မည်ဖြစ်ကြောင်း သိရသည်။
ချပ်သင်းတောရိုင်းတိရစ္ဆာန် ဘေးမဲ့တောသည် သွားလာရန်လွယ်ကူပြီး ရန်ကုန်-မန္တလေး-ချပ်သင်း မီးရထားလမ်း ၅၁၇ မိုင်၊ ရန်ကုန်-ကန့်ဘလူ ကားလမ်း ၅၄၂ မိုင်၊ ကန့်ဘလူ-ချပ်သင်း ကား(နတလ)လမ်း ၂၇ မိုင်၊ ချပ်သင်းကျေးရွာ၏ အနောက်ဘက် နှစ်မိုင်ခန့်တွင် တည်ရှိကြောင်း သိရသည်။
အောင်ဝင်းငြိမ်း(ကန့်ဘလူ)