စစ်ကိုင်း ၃၀ ဩဂုတ်
မြန်မာ့လက်မှု ငွေထည်ပစ္စည်းများကို ပြည်ပသို့တင်ပို့ ရောင်းချခွင့်အား နိုင်ငံတော်အစိုးရအနေဖြင့် သတ်မှတ်ချက်လေး တစ်ခုထားကာ ကင်းလွတ်ခွင့်ပေးပြီး လွတ်လပ်စွာ တင်ပို့ရောင်းချခွင့် ပေးစေလိုကြောင်း မြန်မာ့လက်မှု ငွေထည်၊ ကြေးထည်အသင်း (ရွာထောင်)မှ သိရသည်။
ငွေထည်ပစ္စည်းများအနေဖြင့် ပင်ကိုအရပင်လျှင် ကုန်ကြမ်းတန်ဖိုးကြီးခြင်း၊ အချိန်ကာလကြာမြင့်စွာ သင်ယူမှ တတ်မြောက်လာသည့် လက်မှုပညာရှင်တို့၏ လုပ်အားခကြီးမြင့်ခြင်း၊ ထုတ်ကုန်ပစ္စည်းမှာလည်း ဈေးနှုန်းမြင့်မားခြင်း တို့ကြောင့် အဓိကအားဖြင့် ပြည်ပဈေးကွက်ကို ဦးတည်ထုတ်လုပ် ရကြောင်း၊ ယခုအခါ ပြည်ပသို့ သယ်ယူပို့ဆောင်ရာတွင် အခက်အခဲများ ကြုံတွေ့ရကြောင်း သိရသည်။
ကင်းလွတ်ခွင့်ပေး စေချင်
“မြန်မာပြည်က ငွေထည်ပစ္စည်းမှန်ရင် ပြည်ပကိုသယ်ယူတဲ့နေရာမှာ အဓိကကတော့ လေဆိပ်လမ်းကြောင်းမှာပေါ့။ စီးပွားရေးဈေးကွက်မှာတော့ မရှိဘူး။ လေဆိပ်ကပဲ တစ်နိုင်တစ်ပိုင် တစ်လုံးစ၊ နှစ်လုံးစ ဝယ်တယ်၊ သယ်တယ်။ အဲဒီနေရာလေးကို ကျွန်တော်တို့ လွတ်လပ်ခွင့်လေးရချင်တယ်။ ဥပဒေ ရဲ့ တားမြစ်ချက်လေးတွေက များတဲ့အခါကျတော့ ငွေထည်လုပ်တဲ့ လုပ်ငန်းရှင်မှန်သမျှ အပြည့်အဝ မလုပ်နိုင်ခဲ့ဘူး။ မလုပ်နိုင်တော့ ဈေးကွက်က ကျဉ်းမြောင်းနေတယ်။ နိုင်ငံတော်အနေနဲ့ သတ်မှတ်ချက်လေးတစ်ခုထားပြီး ကင်းလွတ်ခွင့်ပေး စေချင်ပါတယ်။ ပန်းပုလုပ်ငန်းတွေဆို ပန်းပုရုပ်လေးတစ်ခုကို ငါးဒေါ်လာ ကင်းလွတ်ခွင့်ပေးထားတယ်။ ငါးဒေါ်လာ အောက်တန်ဖိုးဆို လေဆိပ်မှာ ကြိုက်သလောက် သယ်လို့ရတယ်။ ငွေထည်ပစ္စည်းကိုတော့ ငါးဒေါ်လာ၊ ၁၀ ဒေါ်လာလောက် သတ်မှတ်ပေးလို့ မရဘူးပေါ့။ ငွေထည်ရဲ့ ကုန်ကြမ်းတန်ဖိုး ရဲ့ မူရင်းဈေးကိုက ကမ္ဘာ့ဈေးနဲ့ယှဉ်ပြီး ရောင်းရတော့ သင့်တော်တဲ့နှုန်းလေး တစ်ခုခု ညှိနှိုင်းပြီးတော့ ကင်းလွတ်ခွင့် လေးပေးမယ်ဆိုရင်တော့ ကမ္ဘာကျော်ခဲ့တဲ့ ငွေထည်လက်မှု ပညာတွေက တစ်ချိန်ချိန်မှာ ပြန်လည် ဦးမော့လာမယ် လို့ထင်ပါတယ်”ဟု မြန်မာ့လက်မှု ငွေထည်ကြေးထည်အသင်း (ရွာထောင်) ဥက္ကဋ္ဌ ဦးထွန်းထွန်းက ပြောသည်။
မြန်မာ့လက်ရာမှာ ကျော်ကြား
ပြည်တွင်း၌ ငွေထည်ပစ္စည်းကို အသုံးပြုမှုမှာ နည်းပါးပြီး ကြေးထည်ပစ္စည်းများကိုသာ အသုံးပြုမှုများပြားသဖြင့် ပြည်တွင်း ငွေထည်ဈေးကွက်အားမှာ ကျဆင်းနေကြောင်း၊ ငွေထည်ပစ္စည်းများကို ကမ္ဘာနှင့်ယှဉ်ပြီး လုပ်နိုင်သည့် သရီးဒီပုံစံမျိုး ရုပ်လုံးရုပ်ကြွများ၊ ဇာတ်တော်ကြီးများ ထုလုပ်ရောင်းချလျက်ရှိပြီး ကမ္ဘာနှင့်ယှဉ်ကြည့်ပါက မြန်မာ့လက်ရာမှာ ကျော်ကြားကြောင်း၊ ယင်းကျော်ကြားသည့် လက်ရာများကို ထိထိရောက်ရောက် ရောင်းဝယ်ဖောက်ကားနိုင်ပါက ငွေပန်းထိမ်လောကမှာ ပြန်လည် ဦးမော့လာနိုင်သည့် အနေအထားရှိကြောင်း သိရသည်။
“ကျွန်တော်တို့ ပြည်ပသယ်ယူ ပို့ဆောင်ရေးနဲ့ ပတ်သက်ပြီး တွေ့ဆုံဆွေးနွေးပွဲတွေမှာ နှုတ်အားဖြင့်တော့ တောင်းဆိုမှုတွေ ရှိပါတယ်။ ထုတ်ကုန် ပြပွဲ၊ ပြိုင်ပွဲတွေမှာ တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင်တွေနဲ့ တွေ့တဲ့အခါတိုင်း ဒါလေးတွေ တင်ပြခဲ့ပါတယ်။ သူတို့အနေနဲ့က ကျွန်တော်တို့ကို အဖွဲ့အစည်းအနေနဲ့ တရားဝင် တင်ပြတောင်းဆိုဖို့ ကမ်းလှမ်းထားတာ ရှိပါတယ်။ ကျွန်တော်တို့လည်း ဒီကိစ္စကို ဆက်လက် ကြိုးစားပြီး ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်”ဟု မြန်မာ့လက်မှု ငွေထည်၊ ကြေးထည် အသင်း(ရွာထောင်)ဥက္ကဋ္ဌက ပြောသည်။
စစ်ကိုင်းမြို့ ရွာထောင်ရပ်ကွက်တွင် ငွေထည် ၊ ကြေးထည် တစ်နိုင်တစ်ပိုင် လုပ်ကိုင်သူ အများအပြားရှိပြီး လုပ်ငန်းရှင် ၃၀ ခန့်ရှိကြောင်းနှင့် စစ်ကိုင်း - ရွှေဘို -မုံရွာ ကားလမ်းမကြီးဘေးတွင် ဖွင့်လှစ်ရောင်းချနေသည့် ငွေထည်၊ ကြေးထည်ဆိုင် ၁၅ ဆိုင် ဝန်းကျင်ရှိကြောင်း သိရသည်။
ကိုမင်း(အင်းတော်)