စစ်ကိုင်း ၃၀ သြဂုတ်
စစ်ကိုင်းမြို့ ကမ်းနားလမ်းရှိ ရှေးဟောင်းအမွေအနှစ် ရွှေမင်းဝံရိပ်သာ အား 4 Star အဆင့်ရှိ ဟိုတယ်ပြုလုပ်သွားမည် ဖြစ်ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ထံက သိရသည်။
နှစ်သက်တမ်း ၁၀ဝ ကျော်ရှိ အဆောက်အဦးနှစ်လုံးရှိသော ရွှေမင်းဝံရိပ်သာအား 4 Star အဆင့်ရှိ ဟိုတယ်ပြုလုပ်သွားရန် ပြင်သစ်နိုင်ငံ ကုမ္ပဏီ တစ်ခုမှ လာရောက် ကမ်းလှမ်းခဲ့ခြင်းဖြစ်ပြီး ဟိုတယ် လုပ်ငန်း ဆောင်ရွက်သွားရာတွင် နှစ်သက်တမ်း ၁၀ဝ ကျော်ရှိ အဆောက်အဦနှစ်လုံးအား ရှေးမှုမပျက် ပြန်လည်ပြင်ဆင်ပြီး ၎င်း အဆောက်အဦးနှင့် ပုံစံတူ အဆောက်အဦးများ တည်ဆောက်၍ လုပ်ကိုင်သွားမည် ဖြစ်ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးစိုးဦးမှ ပြောပြသည်။
''ဒီအဆောက်အဦးနှစ်လုံးကို အကုန်လုံးဖျက်ပြီး ပြင်မှာ မဟုတ်ဘူး လက်ရှိ ပုံစံအတိုင်း ရှေးမှုမပျက် ပြန်ပြင်မယ် ကျန်တဲ့ လွတ်တဲ့ နေရာတွေကို ဒီဟာတွေနဲ့ ပုံစံတူ အဆောက်အဦးတွေလုပ်မှာပေါ့ လုပ်ပြီး EU က ခရီးသွားတွေ မျှော်လင့်ပြီးတော့ အဲကုမ္မဏီ က ဒါကို 4 star အဆင့် ဟိုတယ် တည်ဆောက်မှာ ဖြစ်ပါတယ်။ ဒီအဆောက်အဦး နှစ်လုံးနဲ့ မြေ အကျယ်အဝန်းက တိုင်းဒေသကြီး အထွေထွေ အုပ်ချုပ်ရေးဦးစီးပိုင်ဖြစ်တယ်။ တိုင်းဒေသကြီး အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန ဆိုတော့ တိုင်ဒေသကြီးအစိုးရအဖွဲ့ အနေနဲ့က တိုက်ရိုက်စီမံခန့်ခွဲလို့ မရဘူး ပြည်ထဲရေးဝန်ကြီးဌာန အောက်ကဆိုတော့ ပြည်ထဲရေးဝန်ကြီးဌာန က သဘောတူဖို့လိုတယ်။ တကယ်တမ်း စာချုပ် ချုပ် MOU ထိုး လုပ်ကိုင်ရမှာ က ပြည်ထဲရေးဝန်ကြီးဌာန က လုပ်ကိုင်ရမှာပါ ''ဟု ၎င်း ကပြောပြသည်။
အဆိုပါ ရွှေမင်းဝံ ရိပ်သာသည် အကျယ်အဝန်းအားဖြင့် မြေဧက ၄ ဧကကျော်ရှိပြီး ယင်း ရိပ်သာအတွင်းရှိသော နှစ်သက်တမ်း ၁၀ဝ ကျော်ရှိ အဆောက်အဦးနှစ်လုံး၏ နှစ်စဉ် ပြင်ဆင် ထိန်းသိမ်းစရိတ်များကို တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ကျခံနေရကြောင်း၊ ယခုအခါတွင် ပြင်သစ်နိုင်ငံ ကုမ္ပဏီတစ်ခုမှ အမေရိကန်ဒေါ်လာ ငါးသန်း ရင်းနှီးမြှုပ်နှံ၍ ဟိုတယ်လုပ်ဆောင်ရွက်ရန် ကမ်းလှမ်းလာခြင်းကြောင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ အနေဖြင့် လုပ်ငန်းအကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် အခြေခံ အချက်အလက်များ စီမံ ဆောင်ရွက်ပေးနေကြောင်း စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ထံ က သိရသည်။
''တိုင်းဒေသကြီးအစိုးရအဖွဲ့အနေနဲ့ လုပ်မယ့် အစီအမံတွေ ဆက်လက်ဆောင်ရွက်နေပါတယ် တိုင်းအထွေထွေ အုပ်ချုပ်ရေးဌာနက ပြည်ထဲရေးဝန်ကြီးဌာနကို တင်ပြပြီးတော့ ညှိနှိုင်းသဘောတူညီချက်က သူတို့နဲ့ပဲ ယူရမှာ။ ကျွန်တော်တို့က အခြေခံ အချက်အလက် လုပ်ငန်းအကောင်အထည်ဖော်အောင် ဒီကနေ ဆောင်ရွက်ပေးတာပဲ ရှိတယ် တကယ်တမ်း အဆုံးအဖြတ် စာချုပ်ချုပ် လုပ်ကိုင်မှာက ပြည်ထဲရေးဝန်ကြီးဌာနနဲ့တိုင်းအထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနက လုပ်ကိုင်ရမှာပါ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ဖို့ အခြေခံ လိုအပ်ချက်တွေကို ညှိနှိုင်း ပေါင်းစပ်ပေးတာပဲ ရှိတယ်။ ဒီကရတဲ့ အခွန်အခ တွေကလည်း ပြည်ထောင်စုဝန်ကြီးဌာန ငွေစာရင်းကိုပဲ ဝင်မှာ ကျွန်တော်တို့ တိုင်းအစိုးရအဖွဲ့ထံ မဝင်ပါဘူး ကျွန်တော်တို့ ဒေသက ဘာတွေရမလဲဆိုရင် အလုပ်အကိုင် အခွင့်အလမ်းတွေရမယ် ကျန်တဲ့ အခွန် အရပ်ရပ်တွေ ရမှာပေါ့ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးလာမယ် ''ဟု စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးစိုးဦးမှ ပြောပြသည်။
ကိုမင်း(အင်းတော်)