ဇူလိုင် ၁၀
၁။ COVID - 19 ရောဂါပိုး စစ်ဆေး တွေ့ရှိမှုကြောင့် ၂၀၂၁ ခုနှစ်၊ ဇူလိုင်လ ၈ ရက်နေ့တွင် မူဆယ် - ကျိန်စမ်းကျော့ နှင့် မူဆယ် - ဝမ်တိန် နယ်စပ်ကုန်သွယ်ရေး ဂိတ်(၂)ခုအား တရုတ် နိုင်ငံဘက်မှ ယာယီပိတ်ထားခဲ့ပါသည်။
၂။ လောက်ကိုင်ဒေသတွင် ရန်လုံကျိုင်းတံတား ပြုပြင်မှုကြောင့် ၂၀၂၁ ခုနှစ်၊ ဧပြီလ ၇ ရက်နေ့တွင် လောက်ကိုင် - ရန်လုံကျိုင်း နယ်စပ်ကုန်သွယ်ရေးဂိတ်အား လည်းကောင်း၊ ချင်းရွှေဟော်တွင် COVID - 19 ရောဂါပိုး စစ်ဆေး တွေ့ရှိမှုကြောင့် ၂၀၂၁ ခုနှစ်၊ ဧပြီလ ၁၈ ရက်နေ့တွင် ချင်းရွှေဟော်နယ်စပ်ကုန်သွယ်ရေးဂိတ်အား လည်းကောင်း တရုတ်နိုင်ငံဘက်မှ ယာယီပိတ်ထားခဲ့ပါသည်။
၃။ နယ်စပ်ကုန်သွယ်ရေးဂိတ်များ ယာယီပိတ်ထားချိန်တွင် ကုန်တင်ယာဉ်များ နေရပ် ပင်ရင်းဒေသသို့ ပြန်လည်ထွက်ခွာခြင်း၊ ရောက်ရှိနေရာအနီးရှိ ဂိုဒေါင်များတွင် ကုန်ပစ္စည်း ချထားခြင်းတို့ ဆောင်ရွက်နိုင်ရေး သက်ဆိုင်ရာဌာနများမှ ကူညီဆောင်ရွက်ပေးသွားပါမည်။
၄။ မူဆယ်ဒေသ၊ လောက်ကိုင်ဒေသနှင့် ချင်းရွှေဟော်ရှိ နယ်စပ်ကုန်သွယ်ရေးဂိတ်များ ယာယီ ပိတ်ထားစဉ်ကာလအတွင်း သက်ဆိုင်ရာဒေသများတွင် တရုတ်နိုင်ငံနှင့် ကုန်သွယ်မည့် ကုန်တင်ယာဉ်များ စုပြုံပိတ်ဆို့မှု မရှိစေရေးအတွက် ၂၀၂၁ ခုနှစ်၊ ဇူလိုင်လ ၁၁ ရက်နေ့ နံနက် ၀၇:၀၀ နာရီအချိန်မှစ၍ မန္တလေး (၁၆)မိုင်ဂိတ်မှ လားရှိုး - မူဆယ်၊ လားရှိုး - ချင်းရွှေဟော်၊ လားရှိုး - လောက်ကိုင် ဒေသများရှိ နယ်စပ် ကုန်သွယ်ရေးဂိတ်များမှ တရုတ် နိုင်ငံသို့ တင်ပို့မည့် ကုန်တင်ယာဉ်များအား စိစစ်တားဆီး၍ နေရပ်ပင်ရင်းဒေသများသို့ ပြန်လည်စေလွှတ်သွားပါမည်။
၅။ သို့ဖြစ်ပါ၍ အဝေးပြေးကုန်စည်ပို့ဆောင်ရေး ကုန်တင်ယာဉ်များအနေဖြင့် နေရပ် ပင်ရင်းဒေသများမှ ထွက်ခွာလာခြင်းမပြုရန်ဖြစ်ပါသည်။ ဒေသတွင်း ပြည်တွင်းကုန်စည် ကူးသန်းမှုအတွက် (၁၆)မိုင် စစ်ဆေးရေးဂိတ်မှ စိစစ်ခွင့်ပြု ပေးသွားမည်ဖြစ်ပါသည်။
၆။ ကုန်သည်လုပ်ငန်းရှင်များအနေဖြင့် အခက်အခဲများနှင့် မရှင်းလင်းသည်များ တစ်စုံတစ်ရာ ရှိပါက စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန နေပြည်တော်(ဖုန်း - ၀၉၄၂၀၇၀၃၆၁၆၊ ၀၉၈၃၀၁၈၅၆၊ ၀၆၇ ၃၄၀၉၆၇၁/၆၇၂)များသို့ ဆက်သွယ် အကူအညီ တောင်းခံနိုင်ကြောင်း အသိပေးကြေညာအပ်ပါသည်။
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန