ကျောင်းကုန်း ဇူလိုင် ၁၂
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့နယ်တွင် ဇူလိုင် ၁၁ ရက် မွန်းလွဲပိုင်းက ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ (၆၆)ဦး စစ်ဆေးရာ ပိုးတွေ့လူနာသစ် (၄၀) စံချိန်တင် တွေ့ရှိခဲ့ပြီး ရောဂါအခံရှိသူ (၂)ဦး သေဆုံးသွားခဲ့ကြောင်း သိရသည်။
အဆိုပါ အတည်ပြုလူနာ (၄၀)တွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင် ၈ ဦး၊ ရဲမိသားစုဝင် ၉ ဦးနှင့် အချုပ်သား ၉ ဦး စုစုပေါင်း ၂၆ ဦးနှင့် စည်ပင်သာယာရေးအဖွဲ့ ဝန်ထမ်းမိသားစု ၁၁ ဦးတို့ အများဆုံးတွေ့ရှိခဲ့ခြင်းဖြစ်သည်။
ကျောင်းကုန်းမြို့နယ် ချောင်ကြီးတိုက်နယ်ဆေးရုံတွင် (၈၉)ဦး၊ ကျောင်းကုန်းဆေးရုံတွင် (၈)ဦး၊ ဒေါင့်ကြီးတိုက်နယ်ဆေးရုံတွင် (၄)ဦး၊ လှည်းဆိပ်ရဲကင်းစခန်း ဝန်ထမ်းအိမ်ရာတွင် (၂၆)ဦး၊ စည်ပင်သာယာရေးအဖွဲ့ ရိပ်သာတွင် (၉)ဦး စုစုပေါင်း(၁၃၆)ဦး စောင့်ကြည့်ကုသမှုခံယူလျက်ရှိပြီး ဆေးရုံဆင်းခွင့်ရရှိသူ (၅၀)ရှိပြီဖြစ်ကြောင်းနှင့် ယခု တတိယလှိုင်းတွင် အတည်ပြုလူနာ (၁၈၆)ဦးရှိပြီဖြစ်ကာ အမှတ်(၁)ရပ်ကွက်နေ ရောဂါအခံရှိသူ အသက်(၅၆)နှစ်အရွယ် အမျိုးသမီးတစ်ဦးနှင့် အသက်(၄၄)နှစ်အရွယ် အမျိုးသားတစ်ဦးတို့ ယနေ့နံနက်ပိုင်းက ပြည်သူ့ဆေးရုံတွင် ကုသမှုခံယူရင်း သေဆုံးခဲ့ကြကြောင်း ကျန်းမာရေးဌာနက သိရသည်။
ဝင်းကြိုင်(ပြန်/ဆက်)