မြင်းမူ ဇူလိုင် ၁၂

စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းခရိုင်၊ မြင်းမူမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုနှုန်း မြင့်မားလျက်ရှိရာ ဇွန် ၆ ရက်မှ ဇူလိုင် ၁၂ ရက်အထိ ရောဂါတွေ့ရှိသူ အတည်ပြုလူနာ (၂၀၅)ဦးထိ ရှိလာခဲ့ကြောင်းနှင့် ကျန်းမာရေးကောင်းမွန်၍ ဆေးရုံမှဆင်းခွင့်ရရှိသူ (၉၄)ဦး ရှိပြီဖြစ်ကြောင်း မြို့နယ် ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့် တုံ့ပြန်ရေးကော်မတီထံမှ သိရှိရသည်။

မြို့နယ်အတွင်းရှိ ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာများကို မြို့နယ်ပြည်သူ့ဆေးရုံဝင်းအတွင်းရှိ သံဃာဆေးရုံအဆောက်အဦတွင် ထားရှိကာ မြို့နယ်ကျန်းမာရေးဦးစီးဌာနက ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။

မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ဆက်လက် ကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ အနီးကပ်ကြီးကြပ်မှုဖြင့် သက်ဆိုင်ရာဌာနများ၊ လူမှုကူညီရေးအသင်းအဖွဲ့များက ကိုဗစ်-၁၉ ရောဂါနှင့်ပတ်သက်သည့် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခြင်း၊ မြို့ဝင်၊ မြို့ထွက်များတွင် စစ်ဆေးရေးဂိတ်များ ထားရှိခြင်း၊ မြို့တွင်းနေရာများအား ပိုးသတ်ဆေးဖျန်းခြင်းလုပ်ငန်းများ မပြတ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။
         
အောင်စိုးဖေ(မြင်းမူ)