နေပြည်တော် ၂၇ ဇန်နဝါရီ
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူသည် ဇန်နဝါရီ ၂၆ ရက် မွန်းလွဲပိုင်းက လှည်းကူးမြို့နယ်၊ အင်း တကော်မြို့၊ သနပ်ပြင်ကျေးရွာရှိ ငမိုးရိပ်ဆည်ရေသောက် နွေစပါး တစ်စပ် တစ်ဆက် တည်းစိုက်ကွင်းများတွင် စိုက်ပျိုး နေသောစမ်း သပ်ကွက်များ၊ စံပြကွက်များ၊ SRI စနစ်ဖြင့် စိုက်ပျိုးသောစပါး စိုက်ခင်များကိုကြည့်ရှုပြီး ဒေသနေတောင်သူများနှင့် ရင်းနှီးခင်မင်စွာတွေ့ဆုံသည်။
တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက စိုက်ပျိုးထုတ်လုပ်မှု တိုးတက်ရေးသာမက သီးနှံ အရည်အသွေးကောင်းမွန်စေရန် နှင့် သဘာဝမြေဆီသြဇာထက်သန်မှုကို အထောက်အကူဖြစ်စေရန်တို့အတွက် စိုက်ပျိုးနည်းစနစ်များပြောင်းလဲကျင့်သုံးရန် လိုအပ်ချက်များ၊ လယ်ယာလုပ်သားရှားပါးလာမှုပြဿနာနှင့် သီးနှံများအချိန်မီ စိုက်ပျိုး ရိတ်သိမ်းနိုင်ရန် လိုအပ်ချက်များကူညီဖြည့်ဆည်းပေးရန် ကိစ္စရပ်များကို ဆွေးနွေးပြောကြားသည်။
ဆက်လက်၍ စိုက်ပျိုးရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ရဲတင့်ထွန်းက နည်းပညာပြန့်ပွားရေးဆောင်ရွက်ပေးနေမှုများ၊ ပိုးမွှားရောဂါ ကာကွယ် နှိမ်နင်းရေးလုပ်ငန်းများနှင့် ဒေသအတွက် မျိုးကောင်းမျိုးသန့် ဖူလုံစေရေးဆောင်ရွက် နေမှု များရှင်းလင်းတင်ပြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ကော့ကရိတ်မြို ့နယ်၊ထို ့ကော်ကိုး ဒေသနောင်တယာနယ်မြေKNU KNLA (PC) ၊ မြဝတီမြို့နယ်ဆုံဆည်းမြိုင် ဒေသ ဒီမိုကရေစီ အကျိုးပြုကရင့်တပ်မတော် (DKBA) နှင့်လှိုင်းဘွဲမြို့နယ်မှ ငြိမ်းချမ်းရေး အကျိုး ဆောင်မိသားစုဝင်များပါဝင်သော ကရင်ပြည်နယ်မှ လေ့လာရေးရောက်ရှိ နေကြသည့် တောင်သူလယ်သမားများနှင့်အတူ သနပ်ပြင်ကျေးရွာ ကောက်စိုက်လုံမေ များက SRI စနစ်ဖြင့် တစ်ပျော်တစ်ပါးစိုက်နေမှုများကိုလည်းကောင်း၊ ကြားပေါင်းလိုက် ကိရိယာဖြင့် သမန်းနှိုးပေါင်းလိုက်နေမှုများကိုလည်းကောင်း ကြည့်ရှုအားပေးကြကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)