ရေးသားသူ Aye Thi Mon
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win.
နှာတွေချေပြီး လည်ချောင်းနာတာ ချောင်းဆိုးတာတွေဖြစ်နေလား။ ဒါတွေက အအေးမိဖျားနာတာတွေရဲ့ အစောပိုင်းလက္ခဏာတွေပါ။ ဒီလိုလက္ခဏာတွေဖြစ်တာက ရာသီဥတုအေးတာကြောင့်လို့ ထင်နေပါသလား။ လူကြီးမိဘတွေကလည်း လေစိမ်းတွေအတိုက်မခံနဲ့ အအေးမိလိမ့်မယ်၊ အအေးမခံနဲ့ အအေးမိလိမ့်မယ် ဆိုတာမျိုးတွေ မကြာခဏကြားဖူးမှာပေါ့။ နေမကောင်းရင် ဖျားနာနေရင် အအေးမခံဖို့ ရေမချိုးဖို့ အစရှိတာ တွေလည်း တားမြစ်တာခံဖူးမှာပေါ့။ ဖျားနာတာရဲ့ နာမည်ကိုယ်တိုင်ကလည်း အအေးမိဖြစ်နေ တော့ နေမကောင်းတာ ဖျားနာတာဟာ ရာသီဥတုအေးတာကြောင့်လို့ ထင်ကြတာ အလွန်တော့မဟုတ်ပါဘူး။
ရာသီဥတုအေးတာကြောင့် အအေးမိနိုင်လား
အတိုဆုံးအဖြေကတော့ ရာသီဥတုအေးတာကြောင့် အအေးမိဖျားနာဖြစ်တာ မဟုတ်ပါဘူး။ အအေးမိဖျားနာ ဖြစ်ရတဲ့အကြောင်းအရင်းက တစ်ခုတည်းပါ။ ဒါကတော့ ဗိုင်းရပ်စ်တစ်မျိုးမျိုးနဲ့ ထိတွေ့မိတာ ကြောင့်ပါ။ အေးနေတဲ့ ရာသီဥတုအခြေအနေက ပန်းနာရင်ကျပ်လိုမျိုး အခြေအနေတွေကို ပိုဆိုးသွားစေနိုင်တာ အသေအချာပါပဲ။ ဒါပေမယ့် သာမန်ဖျားနာတာတွေနဲ့ရာသီဥတုအပြောင်းအလဲကြောင့်ဖြစ်တဲ့ တုပ်ကွေးရောဂါ တွေက ဗိုင်းရပ်စ်ကြောင့်ဖြစ်ရတာပါ။ လည်ချောင်းနာတာ၊နှာစေးတာ၊ ရင်ပြည့်တာ နဲ့ ချောင်းဆိုးတာ တွေကိုတော့ ဆေးဆိုင်တွေမှာ အလွယ်တကူ ဝယ်ယူလို့ရတဲ့ဆေးတွေ သောက်သုံးရုံနဲ့ ပျောက်ကင်းနိုင် ပါတယ်။ သာမန်ဖျားနာတာမျိုးက များသောအားဖြင့် သိပ်မပြင်းထန်တတ် ပေမယ့် ရောဂါလက္ခဏာတွေ အားလုံးပျောက်ကင်းဖို့ဆိုရင် အချိန် တစ်ပတ်ကနေ နှစ်ပတ်လောက် အထိကြာမြင့်နိုင်ပါတယ်။ ဒါပေမယ့် နေမကောင်းဖြစ်တဲ့အခါ အဖျားတက်တာ၊ ခေါင်းကိုက်တာ၊ ကြွက်သားတွေ နာကျင်တာမျိုး ဖြစ်လာမယ် ဆိုရင်တော့ သာမန်အဖျားမဟုတ်တော့ပါဘူး။ တုပ်ကွေးဖြစ်နေတာပါ။ ဒီလိုအခြေအနေမျိုးမှာတော့ ဆရာဝန်နဲ့ပြသပြီး ကုသမှုခံယူဖို့ လိုအပ်ပါမယ်။
သာမန်ဖျားနာမှုဆိုတာက
ခန္ဓာကိုယ်က မအီမသာဖြစ်လာမယ်။ ခြေလက်တွေညောင်းလာမယ်။ နှာချေမယ်။ လည်ချောင်းနာမယ်။ နှာစေးမယ်ဆိုရင် ဒါကအဖျားသွေးရှိနေပြီလို့ ပြောရပါတယ်။ အရမ်းမပြင်းထန်ပေမယ့် အဖျားသက်သာဖို့ အချိန်တော်တော်လေးတော့ ယူရပါတယ်။ ပြည့်ပြည့်ဝဝ အနားယူပေးတာ၊ အာဟာရပြည့်ဝအောင် စားသုံးပေး လိုက်မယ် ဆိုရင်တော့ သာမန်ဖျားနာမှုကို သက်သာသွားအောင် အထောက်အကူပြုနိုင်မှာဖြစ်ပါတယ်။
အအေးမိတာနဲ့ရာသီဥတုအေးတာကြားမှာ ဆက်စပ်မှုရှိနေလား
ရာသီဥတုအေးတာက ဖျားစေနိုင်ပါသလား။ ဒီမှားယွင်းနေတဲ့ အယူအဆက လွန်ခဲ့တဲ့ရာစုနှစ်တွေကတည်းက ဘိုးဘွားတွေဆီကနေတဆင့် လက်ဆင့်ကမ်းလာခဲ့တဲ့ အယူအဆပါ။ ကလေးတွေကို လေစိမ်းအတိုက်မခံနဲ့၊ ရာသီဥတုအေးနေချိန် အပြင်ခေါ်သွားမယ်ဆိုရင် ဦးထုပ်ဆောင်းသွားပေးပါ။ ဆံပင်ရေစိုနဲ့ အပြင်ပေးမထွက်နဲ့ ဆိုတာတွေက ဘိုးဘွားတွေကနေတဆင့် မျိုးရိုးအဆက်ဆက် လက်ဆင့်ကမ်းလာခဲ့တဲ့ အယူအဆအမှားတွေပါ။ အပြည့်အဝကြီး မှားယွင်းနေတာတော့ မဟုတ်ပါဘူး။
ဒါပေမယ့် ဒါက ယုံတမ်းစကားဆိုရင် အအေးမိတာနဲ့ တုပ်ကွေးဖြစ်တာတွေက ဘာကြောင့် ဆောင်းရာသီ လိုမျိုး အေးတဲ့ရာသီဥတုတွေမှာ အဖြစ်များရတာလဲ လို့မေးစရာရှိလာပါပြီ။ ဒါကဘာကြောင့်လဲ ဆိုတော့ အပေါ်မှာပြောခဲ့သလိုပါပဲ။ အအေးမိဖျားနာတာကို အဓိကဖြစ်စေတဲ့ အကြောင်းအရင်းက ဗိုင်းရပ်စ် တွေကြောင့်ပါ။ ဘာလို့ ရာသီဥတုအေးတဲ့အချိန်မှာ ဖျားနာမှုတွေပိုဖြစ်ရတာလဲ ဆိုတာကတော့ အအေးမိတာနဲ့ တုပ်ကွေးရောဂါတွေကိုဖြစ်စေတဲ့ ရောဂါပိုးတွေက ရာသီဥတုအေးမြတဲ့အခြေအနေမှာ ရှင်သန်ပေါက်ဖွား နိုင်ခြေ မြင့်မားနေတာကြောင့်ပါ။ ရာသီဥတုအေးမြနေတာက တုပ်ကွေးဖြစ်စေတဲ့ ဗိုင်းရပ်စ်တွေကို ရှင်သန် နေအောင် အားဖြည့်ပေးနေပါတယ်။
အအေးမိဖျားနာတာကို ဖြစ်စေတဲ့ အဓိက တရားခံ
ခန္ဓာကိုယ်ကို ဖျားနာစေတဲ့အရာတွေထဲမှာ ရာသီဥတုအေးတာ တစ်ခုအပါအဝင်ဆိုပေမယ့် ရာသီဥတု အေးတာကြောင့် တစ်ခုတည်းနဲ့တော့ မဖျားနာနိုင်ပါဘူး။ သင့်အနေနဲ့ rhinoviruses ကူးစက်ခံရတဲ့အခါ အအေးမိနိုင်ပြီး တုပ်ကွေးဖြစ်စေတဲ့ influenza ဗိုင်းရပ်စ်နဲ့ ထိတွေ့မိတဲ့အခါမှာတော့ တုပ်ကွေးရောဂါ ခံစားရနိုင်ပါတယ်။ ဒါက ဖျားနာခြင်းရဲ့ အဓိက တရားခံတွေပါပဲ။
Rhinoviruses ကူးစက်ပြန့်ပွားမှုနှုန်းဟာ နွေဦးရာသီနဲ့ ဆောင်းဦးရာသီတွေမှာ အမြင့်ဆုံးပါ။ တုပ်ကွေးရောဂါပိုး ကတော့ ဆောင်းရာသီမှာ ပြန့်ပွားမှုနှုန်းအမြင့်ဆုံးပါ။ ဒီလိုမျိုးအေးမြတဲ့ ရာသီဥတုအနေအထားမှာ ဗိုင်းရပ်စ်တွေ အကောင်းဆုံးရှင်သန်နိုင်မှုက ရာသီဥတုအေးတဲ့အခါ ဖျားနာမှုတွေကိုဖြစ်စေနိုင်တယ်ဆိုတဲ့ အယူအဆကို ဖြစ်ပေါ်စေခဲ့တာပါ။ တကယ်တော့ ဖျားနာမှုကိုဖြစ်စေတာက ပတ်ဝန်းကျင်မှာ ပြန့်နှံ့နေတဲ့ ရောဂါပိုးတွေပါ။
ဘယ်လိုအခြေအနေတွေက ဖျားနာတာကို ဖြစ်စေနိုင်တာလဲ
မဖျားဘူးတဲ့သူရယ်လို့တော့ မရှိပါဘူး။ လူတိုင်းရဲ့ခန္ဓာကိုယ်က အသွေးအသားတွေနဲ့ ဖွဲ့စည်းထားတာ ဖြစ်တာကြောင့် ဖျားနာမှုကိုခံစားရနိုင်ပါတယ်။ ဘယ်လိုအခြေအနေတွေက ဖျားနာစေတာလဲဆိုတာကို သိထားမယ်ဆိုရင် အလွယ်တကူ ဖျားနာတာမျိုးမဖြစ်အောင် ကာကွယ်ပေးနိုင်မှာတော့ အသေအချာပါ။
ရောဂါပိုးကူးစက်ခံထားရသူက နှာချေတာ။ ချောင်းဆိုးတာ နှပ်ညှစ်တာတွေကနေတဆင့် ဗိုင်းရပ်စ် တွေက လေထုထဲမှာပြန့်နှံ့သွားပြီး အခြားသူတွေဆီကို ကူးစက်စေတာပါ။ အအေးမိဖျားနာ တာကို ဖြစ်စေနိုင်တဲ့ ဗိုင်းရပ်စ်တွေက အရာဝတ္ထုတွေအပေါ်မှာ ၂ ရက် ၄၈ နာရီကြာ ရှင်သန်နေနိုင်ပါတယ်။ တကယ်လို့ သင့်အနေနဲ့ ဗိုင်းရပ်စ်တွေရှိနေတဲ့ အရာတွေကို လက်နဲ့ကိုင်တွယ်ထိတွေ့မိပြီး နှာခေါင်း၊ မျက်လုံး နဲ့ ပါးစပ်တွေကို ထိတွေ့မိတဲ့အခါ ဖျားနာတာတွေဖြစ်လာနိုင်ပါတယ်။
အအေးမိဖျားနာကင်းဝေးစေဖို့
ခန္ဓာကိုယ်ကို ပြည့်ဝစွာအနားယူပေးပါ – တစ်နေ့တာလုံးလှုပ်ရှားရုန်းကန်ထားတဲ့ ခန္ဓာကိုယ်ကို ညဘက် အိပ်ရေးပျက်ခံစေတာမျိုးမလုပ်ပါနဲ့။ ပြည့်ဝတဲ့ အိပ်စက်ချိန်ထားရှိပေးပါ။ ခန္ဓာကိုယ်က ပင်ပန်းနေတဲ့အခါ အဖျားဝင်လွယ်စေတာကြောင့်ပါ။
စိတ်ဖိစီးမှုကို ဖြေဖျောက်ပါ – စိတ်ကလည်း ခန္ဓာကိုယ်ကျန်းမာဖို့အတွက် တော်တော်လေး အရေးပါပါတယ်။ ဒါကြောင့် အလုပ်တွေအရမ်းလုပ်တာ၊ စိတ်မကောင်းဖြစ်စရာတွေကို တွေးတာ၊ ဒေါသဖြစ်တာမျိုးတွေက ခန္ဓာကိုယ်ကို ထိခိုက်စေနိုင်ပါတယ်။ စိတ်ဖိစီးမှုက ခန္ဓာကိုယ်ရဲ့ ကိုယ်ခံအားစနစ်ကို နှေးကွေးစေနိုင်ပါတယ်။ ဒါကြောင့် တရားထိုင်တာ၊ သီးချင်းအေးအေးလေးတွေ နားထောင်တာတွေလုပ်ပေးပြီး စိတ်ဖိစီးမှု ကို ပြေလျော့အောင်လုပ်ဆောင်ပါ။
ရေများများသောက်ပေးပါ – ခန္ဓာကိုယ်ရဲ့ ၆၀ ရာခိုင်နှုန်းက ရေဓာတ်နဲ့ ဖွဲ့စည်းထားတာကြောင့် ခန္ဓာကိုယ်ရဲ့လုပ်ငန်းစဉ်တွေကောင်းမွန်စွာ လုပ်ကိုင်နိုင်စေဖို့ဆိုရင် ရေများများ သောက်ပေးဖို့လိုပါမယ်။ ဒါကြောင့် ခန္ဓာကိုယ်ကျန်းမာပြီး ကိုယ်ခံအားကောင်းစေဖို့အတွက် ရေများများသောက်ပေးပါ။
ကိုယ်လက်လှုပ်ရှားမှုရှိပါစေ – နေ့စဉ်ကိုယ်လက်လှုပ်ရှားမှုလုပ်တဲ့အခါ ခန္ဓာကိုယ်က သွေးလှည့်ပတ်မှုကောင်းမွန်ပြီး ကိုယ်ခံအားလည်း တက်လာမှာအသေအချာပါ။ တစ်နေ့ကို အချိန်မရရင်တောင်မှ ၁၅ မိနစ်လောက် ပုံမှန်လမ်းလျှောက်ပေးတာ၊ ပေါ့ပေါ့ပါးပါးလေ့ကျင့်ခန်းလေးတွေ လုပ်ပေးတာမျိုးလုပ်ပေးပါ။
အခုလောက်ဆိုရင် အအေးမိဖျားနာဖြစ်စေတာက ရာသီဥတုအေးတာကြောင့် မဟုတ်ဘူးလို့ ဘာကြောင့် ပြောရလဲဆိုတာကို သိလောက်ပြီ ထင်ပါတယ်။
"ယခုဆောင်းပါးကို Myanmar Digital News ၏ မိတ်ဘက်ဖြစ်သည့် ကျန်းမာရေးနှင့်ဆေးပညာဝက်ဘ်ဆိုဒ် Helloဆရာဝန် www.hellosayarwon.com မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်"