ဟိုပုံး ၁၇ စက်တင်ဘာ ရှမ်းပြည်နယ်(တောင်ပိုင်း) ၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ၊ ဟိုပုံးမြို့တွင် ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးဌာနနှင့် ရှမ်းပြည်နယ်အစိုးရ၏ လမ်းညွှန်မှုဖြင့် ရှမ်းပြည်နယ်ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာနမှ စီစဉ်ဖွင့်လှစ်သည့် ခရီးသွားကဏ္ဍနှင့်ဆက်စပ်နေသည့် ခရီးစဉ်ဒေသများအား ကြီးမှူးကွပ်ကဲသည့် Controller သင်တန်းကို စက်တင်ဘာလ ၁၇ ရက်နေ့ နံနက် ၉ နာရီခွဲက ဟိုပုံးမြို့ ၊ ရွှေယွန်းမြိုင်မိုတယ်၌ ပြုလုပ်ခဲ့သည်။ အခမ်းအနားတွင် ရှမ်းပြည်နယ်ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီဌာန ၊ တောင်ကြီးမြို့ မှ ညွှန်ကြားရေးမှူး ဦးထင်အောင်နိုင်က သင်တန်းဖွင့်မိန့်ခွန်းပြောကြားရာတွင် “မြန်မာပြည်မှာ ရှမ်းပြည်နယ်ဟာအကျယ်ဆုံးဖြစ်ပြီး ထူးခြားသည့် သဘာဝရေမြေတောတောင်တွေပေါများတဲ့နေရာတစ်ခုဖြစ်ကြောင်း ၊ တိုင်းရင်းသားမျိုးနွယ်စု အများအပြား နေထိုင်ကြသည့်နေရာလည်း ဖြစ်ကြောင်း ၊ တိုင်းရင်းသားမျိုးနွယ်စုများရဲ့ ဝတ်စားဆင်ယင်ပုံတွေ လူနေမှုဘဝ ၊ ဖြစ်ပေါ်နေတဲ့ သဘာဝရေတံခွန်တွေ ၊ သဘာဝထုံးကျောက်လိုဏ်ဂူတွေ ၊ ရေမြေတောတောင်တွေကြားမှာစီးဆင်းနေတဲ့ မြစ်ချောင်းတွေဟာ ခရီးသွားတွေရဲ့အရင်းအမြစ်တစ်ခုဖြစ်ကြောင်း ၊ မဖွံ့ဖြိုးသေးသည့် နေရာများကိုလည်း သွားရောက်ပြီး ရေရှည်တည်တံ့နိုင်အောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၊ ခရီးသွားမြှင့်တင်ရေးအနေနဲ့ စွဲမက်စရာကောင်းသည့် မြန်မာပြည် ဟုတင်စားခေါ်ဝေါ်နေကြပြီဖြစ်ကြောင်း ၊ ခရီးသွားဧည့်သည်တွေများများလာနိုင်အောင် စွဲဆောင်မှုရှိအောင် နိုင်ငံတော်မှလည်း ဆောင်ရွက်ပေးလျက်ရှိကြောင်း ၊ ခရီးသွားတွေများများဝင်လာနိုင်အောင် မိမိဒေသမှာရှိတဲ့ သဘာဝအလှတရားတွေကို စနစ်တကျထိန်းသိမ်းနိုင်အောင် ရည်ရွယ်ချက်ဖြင့် ဖွင့်လှစ်ခြင်းဖြစ်ကြောင်း ၊ ရှမ်းပြည်နယ် (တောင်ပိုင်း)မှာဆိုလျှင် ကလော ၊ ရွာငံ ၊ ပင်းတယ ၊ ပင်လောင်း ၊ ဖယ်ခုံ ၊ ဟိုပုံး ဖွင့်လှစ်ခဲ့ပြီးနောက် ကွန်ဟိန်း မြို့တို့တွင်လည်း ဆက်လက်ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း ၊ မိမိတို့ဒေသမှာရှိတဲ့ သဘာဝအလှတရားများကို ပိုမိုရေရှည်တည်တံ့ခိုင်မြဲအောင် ၊ ထိန်းသိမ်းတတ်စေရန် ၊ ဒေသတွင်းတိုင်းရင်းသားလူမျိုးတို့၏ ရိုးရာဓလေ့ထုံးစံများကို ပြည်သူလူထုနှင့်ကမ္ဘာလှည့်ခရီးသွားများပါ သိရှိစေရန် ရည်ရွယ်၍ ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း ၊ သင်တန်းမှာရရှိသော ဗဟုသုတများကိုလည်း မျှဝေပေးစေလိုကြောင်း ”ပြောကြားသွားသည်။ ဆက်လက်၍ ဟိုပုံးမြို့နယ် အုပ်ချုပ်ရေးမှူး ဦးနန်းတင့်က အမှာစကားပြောကြားပြီး မြန်မာ့တာဝန်သိခရီးသွား လုပ်ငန်းအဖွဲ့ Myanmar Responsible Tourism Institute (MRTI) ဥက္ကဋ္ဌ ဆရာဦးညွှန့်ဝင်းနိုင်က မိတ်ဆက်စကား ပြောကြားခဲ့ကြောင်း သိရသည်။ အဆိုပါသင်တန်းကို ဟိုပုံးမြိ့ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ ၊ ရပ်ကွက်/ကျေးရွာများမှ ဒေသခံပြည်သူများ တက်ရောက်ခဲ့ပြီး ၄င်းသင်တန်းကို (၂)ရက်တာ ပို့ချသွားမည်ဖြစ်ကြောင်း သိရှိရသည်။ ထက်ထက်(ဟိုပုံး)