စစ်ကိုင်း ၁၉ စက်တင်ဘာ
မြန်မာ့ လက်မှုငွေထည်လုပ်ငန်းကို ယခုနောက်ပိုင်း လက်ဆင့်ကမ်းသင်ယူလိုသည့် မျိုးဆက်သစ် လုပ်သားရှားပါးလာကြောင်း မြန်မာ့လက်မှု ငွေထည် ကြေးထည် အသင်း (ရွာထောင်)မှ သိရသည်။
မြန်မာ့ လက်မှု ငွေထည်လုပ်ငန်းသည် ပြည်ပဈေးကွက်ကို ဦးတည် ထုတ်လုပ်ရသော်လည်း လွတ်လပ်စွာ သယ်ယူရောင်းချခွင့် မရှိသဖြင့် ဈေးကွက်ကျဉ်းမြောင်းသောကြောင့် လုပ်ကိုင်သူများအနေဖြင့် စားဝတ်နေရေး ကျပ်တည်းမှုများ ဖြစ်ပေါ်ခြင်း၊အချိန်ကာလ ကြာမြင့်စွာ သင်ယူမှတတ်မြောက်သည့် ပညာရပ်တစ်ခု ဖြစ်ခြင်း စသည့်တို့ကြောင့် မြန်မာ့လက်မှု ငွေထည်လုပ်ငန်းကို လက်ဆင့်ကမ်းသင်ယူလို သည့် မျိုးဆက်သစ်လုပ်သား မရှိသလောက်ရှားပါးလာကြောင်း မြန်မာ့လက်မှု ငွေထည် ကြေးထည်အသင်း (ရွာထောင်) ဥက္ကဋ္ဌ ဦးထွန်းထွန်း ကပြောပြသည်။
'' လက်မှုငွေထည် ပညာဆိုတာ နက်နဲခက်ခဲတဲ့ ပညာရပ် ဖြစ်တယ်။ ၁၀ နှစ်လောက်သင်ယူမှ ပညာရပ်ကို ဆုံး တယ်လို့တော့ မဟုတ်ဘူး။ အမြင့်ဆုံးအဆင့်ထိ တတ်မြောက်ကြတာပါ။ လက်ရှိမှာ စားဝတ်နေရေး ကျပ်တည်း နေတဲ့ အတွက် သင်ချင်တဲ့ မျိုးဆက်သစ်လေးတွေ ရှားပါးတယ်။ ကျွန်တော်တို့ အနေနဲ့ သူတို့လေးတွေ အလုပ်အပေါ် စိတ်ဝင်စားအောင် မုန့်ဖိုးလေးတွေပေးတယ်။ နောက်ဆုံး တနှစ်လောက် သင်ယူပြီးရင် သူတို့ အတွက် နေ့တွက်ပေးတယ် ၊အဲလိုပေးပြီး သူတို့ကိုပညာရှင် တစ်ယောက်ဖြစ်အောင် ပြုစုပျိုးထောင်ပေးရတယ် ကျွန်တော်တို့ မလုပ်နိုင်တဲ့အချိန်ကျ ဒီငွေထည်လုပ်ငန်းက ပျောက်ခြင်းမလှ ပျောက်သွားနိုင်ပါတယ် ''ဟု ၎င်း ကဆက်လက်ပြောပြ၍သိရသည်။
(ပုံ) ကိုမင်း(အင်းတော်)