နေပြည်တော် ၂၀ စက်တင်ဘာ

 

မြန်မာ့ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက်ရည်ရွယ်၍ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကွမ်ကျိုးမြို့တွင် ကျင်းပပြုလုပ်သည့် World Routes 2018 သို့ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ သွားရောက်ပြသခဲ့ကြောင်း သိရသည်။

 

ယင်း World Routes 2018  သည် ခရီးသွားလာမှုဆိုင်ရာ ပြပွဲတစ်ခုဖြစ်ပြီး ပြပွဲအတွင်း မြန်မာနိုင်ငံမှ ယဉ်ကျေးမှုပြသသည့် အစီအစဉ်အဖြစ် ရုပ်သေးအကနှင့် ခြင်းလုံးအလှ တင်ဆက်ကပြမှုများ အပါအဝင် မြန်မာ့ရိုးရာယဉ်ကျေးမှု အစီအစဉ်များကို တင်ဆက်နိုင်ခဲ့ကြောင်း ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ် YIA မှ သိရှိရသည်။

 

လေဆိပ်အဖွဲ့သည် နိုင်ငံတကာမှ လေကြောင်းလိုင်း ၅၀ ကျော်၏ တာဝန်ရှိသူများနှင့် တွေ့ဆုံခြင်း၊ ခရီးသွားလာရေး ဝန်ကြီးဌာနများနှင့် တွေ့ဆုံဆွေးနွေးခြင်းတို့ကို ပြုလုပ်ခဲ့ကြပြီး မြန်မာနိုင်ငံတွင် အောက်တိုဘာ ၁ ရက်မှစတင်ကာ ကိုရီးယား၊ ဂျပန်နှင့် တရုတ်နိုင်ငံတို့အား ဗီဇာကင်းလွတ်ခွင့် ကြောညာချက်အရ အာရှ-ပစိဖိတ်ဒေသ မှ လေကြောင်းလိုင်းများနှင့်အတူ နိုင်ငံတကာလေဆိပ် ၂၅ ခုတို့နှင့်လည်း တွေ့ဆုံဆွေးနွေးခဲ့ကြသည့်အတွက် မြန်မာ့ခရီးသွားလုပ်ငန်း မြှင့်တင်ရေးကို အထောက်အကူ ဖြစ်စေခဲ့ကြောင်းသိရသည်။

 

အဆိုပါ World Routes 2018 သို့ နိုင်ငံတကာလေကြောင်းပို့ဆောင်ရေးနယ်ပယ်မှ ကျွမ်းကျင်သူများ၊ လေကြောင်းလိုင်း ၃၀ဝ နှင့် လေဆိပ် ၇၀ဝ တို့မှ တာဝန်ရှိသူများ၊ လေကြောင်းခရီးသွားလာရေးနယ်ပယ်မှ ပညာရှင်များ တက်ရောက်ကာ ဆွေးနွေးမှုများ၊ အလုပ်ရုံဆွေးနွေးပွဲများနှင့် ညှိနှိုင်းမှုများ ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။

 

သွန်းဝဿန်