ရေးသားသူ Dr.Nyan Linn
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Kaung Thar.

 

ကျွန်တော်တို့၏ ခန္ဓာကိုယ်တွင် ဆေးလိပ်သောက်ခြင်းကြောင့် ဖြစ်ပွားလာနိုင်သည့် ဆိုးကျိုးများအား ကျွန်တော်တို့ သိကြပြီးဖြစ်သည်။ သို့သော်လည်း လူအများအပြားသည် ဆေးလိပ်သောက်နေကြသည်။ အဘယ်ကြောင့်ဆိုသော် ဘဝအမောများပြေ၍ စိတ်ဖိစီးမှုများအား ဆေးလိပ်သောက်ခြင်းဖြင့် ဖြေဖျောက်နိုင် သည်ဟု လူအများကယုံကြည်နေ၍ဖြစ်သည်။

 

သို့သော် ဆေးလိပ်သောက်ခြင်းသည် ခန္ဓာကိုယ်တွင် ဖိစီးမှုများသာ ပို၍ဖြစ်စေသည်။ လေ့လာမှုများအရ နီကိုတင်းသည် သင်၏နှလုံးအား အလုပ်ပိုလုပ်စေသည်။ သင့်ကိုယ်တွင်းရှိ အောက်ဆီဂျင်ထောက်ပံ့မှုကိုလည်း လျော့ကျစေသည်။ သင်သည် ထိုအချက်ကိုသတိထားမိ၍ ဆေးလိပ်ဖြတ်ရန် ဆုံးဖြတ်လိုက်ပြီးသည်လည်း ဖြစ်နိုင်သည်။ နီကိုတင်း၏ လှုံ့ဆော်မှုမရှိပါက သင်၏ဖိစီးသည့် ဘဝသည်သင့်ထံ ပြန်ရောက်ရှိလာမည်ဟု သင့်အနေဖြင့် တွေးကြောက်နေသည်မှာ မြင်သာလှသည်။ သင်ဆေးလိပ်မဖြတ်ခင်တွင် ဖိစီးမှုအား ကိုင်တွင်ဖြေရှင်းရန် သင်သိသင့်သော အချက်များမှာ အောက်ပါအတိုင်းဖြစ်သည်။

 

ရှေးဦးစွာ နီကိုတင်းကိုဖြတ်ပြီးပါက မည်သည့်အရာများနှင့် ရင်ဆိုင်ရတတ်သည်ကို စိတ်ထဲသိအောင်လုပ်ပါ။ ဆေးလိပ်ဖြတ်သောအခါ သင်သည် စိတ်ဓာတ်ကျစရာကောင်းသော စိတ်ဖိစီးမှု၊ စိတ်တိုလွယ်ခြင်း စသည်တို့ကို ရင်ဆိုင်ရမည်ဟုသိထားပါ။ အကောင်းမြင်ရန် ကြိုးစားကြည့်ပါ။ မိမိကိုယ်ကိုယုံကြည်သူများသည် အောင်မြင်ရန် အခွင့်အလမ်း ပိုများသူများဖြစ်သည်။ ပထမဦးဆုံးအကြိမ် ဆေးလိပ်ဖြတ်ရာတွင် ကောင်းစွာမဖြတ်တောက် နိုင်ခြင်းလည်း ဖြစ်ပွားနိုင်ပါသည်။ သို့သော်လည်း သင့်ကိုယ်သင် စိတ်မပျက်ပါစေနှင့်။ ဆေးလိပ်သောက်သူ အများစုသည် ပထမကြိုးစားမှုတွင် မအောင်မြင်ကြပေ။ စိတ်ဖိစီးမှုအား ဖြေရှင်းရန် အကောင်းဆုံးနည်းမှာ သင့်ကိုယ်သင် ပျော်ရွှင်ကြည်နူးစရာ အချိန်တခုပေးခြင်းဖြစ်သည်။ ဆေးလိပ်မှလွဲ၍ သင်ကြိုက်သော အခြားအရာများကို တွေးကာ လုပ်ကိုင်ကြည့်ပါ။

 

သင်ကြိုက်တတ်သောသီချင်းအား နားထောင်ခြင်း (သို့) သင်၏အိမ်မှခွေးနှင့် အိမ်နားပတ်ဝန်းကျင်တွင် လမ်းလျှောက်ထွက်ခြင်းတို့သည်လည်း အထောက်အကူပြုနိုင်သည်။ သင့်စိတ်အား ပေါ့ပေါ့ပါးပါးထားပြီး ပထမဦးဆုံးအကြိမ် သင်ဘာကြောင့် ဆေးလိပ်သောက်ချင်ခဲ့သည်ကို သင့်ဘာသာသင် ပြန်တွေးကြည့်ပါ။ ထိုအရာမှ သင်စခဲ့သောအရာအား ပြန်အဆုံးသတ်နိုင်ပေးနိုင်သည့် လုံလောက်သည့် စိတ်ဓာတ်ခွန်အား တို့ကိုပေးပါလိမ့်မည်။

 

ဆေးလိပ်ဖြတ်နေခြင်းအား သင့်တွင်လုံးဝအရှူံးပေးချင်သွားသော အချိန်များလည်း ရှိလိမ့်မည်ဖြစ်ပြီး ထိုအချိန် တွင် သင့်အတွက်ရင်ဖွင့်ရန် လူတစ်ဦးလိုပေလိမ့်မည်။ ဆေးလိပ်မဖြတ်ခင်တွင် သင်ချစ်ခင်လေးစား ယုံကြည်ရသော သူများနှင့် သင့်အားနားလည်ပြီး ထောက်ပံ့ပေးနိုင်သူများအား စဉ်းစားကြည့်ပါ။ သင်စိတ်ဖိစီး လာပါက ထိုသူများထံသွားပါ။ ထိုသူများနှင့် ပေါင်းသင်းဆက်ဆံခြင်း၊ စကားစမြည်ပြောခြင်းသည် သင့်၏ ဖိစီးမှုများကို လျှော့ချပေးနိုင်ပါသည်။ သင်လိုအပ်ချိန်တိုင်းလည်း အကြံဉာဏ်နှင့် အခြားသော အကူအညီ တောင်းခံရန် သင့်တော်လှသည်။ တစ်ဦးတည်းသာ ရုန်းကန်၍ ဆေးလိပ်မဖြတ်သင့်ပေ။ အဘယ်ကြောင့် ဆိုသော် စိတ်ဖိစီးမှုသာပိုများလာနိုင်၍ဖြစ်သည်။

 

စိတ်ဖိစီးမှုဆိုသည်မှာ ဘဝ၏ပုံမှန်ဖြစ်နေကျ တစ်စိတ်တပိုင်းဖြစ်သည်။ ထိုအရာအား သင်မထိန်းချုပ်နိုင် သော်လည်း သင်လဲကျမသွားစေရန်မည်ကဲ့သို့ထိုစိတ်ဖိစီးမှုများကို ကိုင်တွယ်ရမည်ကို လေ့လာထားနိုင်သည်။ သင်သည် အထက်ပါအကြံပေးချက်များ၊ ပြင်ဆင်မှုများနှင့် ဆေးလိပ်ဖြတ်သောအခါတွေ့ကြုံရမည့် ခက်ခဲသော အချိန်ကာလအချို့ကို ကောင်းမွန်စွာဖြတ်သန်းနိုင်ပါစေဟု မျှော်လင့်ချက်နှင့် ဆုတောင်းပေးလိုက်ပါသည်။

 

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

 

"ယခုဆောင်းပါးကို Myanmar Digital News ၏ မိတ်ဘက်ဖြစ်သည့် ကျန်းမာရေးနှင့်ဆေးပညာဝက်ဘ်ဆိုဒ် Helloဆရာဝန် www.hellosayarwon.com မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်" 

 

http://myanmardigital.news/sites/default/files/hello%2011_82_0.jpg